ဓမ္မစကြာတရားတော်မှ မဂ္ဂင်(၈)ပါးလမ်းစဉ်တရားတော်

Author By - မဟာစည်ဆရာတော်ဘုရားကြီး

test

ဓမ္မစကြာတရားတော်မှ မဂ္ဂင်(၈)ပါးလမ်းစဉ်တရားတော်

Published Date - 1997

Author By - မဟာစည်ဆရာတော်ဘုရားကြီး

81 စာမျက်နှာ


မဂ္ဂင်ရှစ်ပါးအကျယ်ဟော, မဟော ဝေဘန်ချက်

 

အဲဒါဟာ သမ္မာသတိမဂ္ဂင်ကို အကျယ်ဖွင့်ပြတဲ့ မြတ်စွာဘုရား စကားတော်ပါပဲ၊ ယခုလက်ရှိ ဓမ္မစကြာသုတ် တရားတော်ထဲမှာ မဂ္ဂင်ရှစ်ပါးကို ခေါင်းစဉ်မျှသာ တွေ့ရတယ်။  ဒီဓမ္မစကြာတရားကို ပထမစပြီး မြတ်စွာဘုရား ဟောတော်မူစဉ်တုန်းက တရားထူးကို သိမြင်ကြမည့် အရှင်ကောဏ္ဍညနှင့်တကွ ဗြဟ္မာတွေ နတ်တွေ သမ္မာသတိဆိုတဲ့ ဒီစကားလုံးကလေး ကြားရုံမျှဖြင့်ပင်ကာယဝေဒနာ စိတ္တဓမ္မကို မှန်စွာအမှတ်ရပြီးသိတဲ့ သတိပဋ္ဌာန်လေးပါးကို ဆိုတယ်လို့ သိနားလည်သွားကြပါသလား၊ကိုယ်အမူအရာတွေ ခံစားမှုတွေ စိတ်ကူးကြံသိမှုတွေ သဘောတရားတွေကို ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီးအမှတ်ရတာကို သမ္မာသတိခေါ်တယ်၊ အဲဒီ ကိုယ်အမူအရာ စသည်တွေ ဖြစ်တိုင်းဖြစ်တိုင်း အမှတ်ရပြီး အဲဒီသမ္မာသတိကို ပွားစေရမယ်လို့ကော သိနားလည်သွားကြပါသလား။ အဲဒါ စဉ်းစားစရာပဲ၊ အဲဒီလို မသိရင် နားမလည်ရင်တော့ အဲဒီ သမ္မာသတိကို ပွားစေရန် မစွမ်းနိုင်ကြပေဘူး။ အဲဒီ သမ္မာသတိမဖြစ်ရင် အရိယာမဂ်ဖိုလ်တရားထူးကို မရနိုင်ကြပေဘူး။

ဒါကြောင့် အဲဒီတုန်းက အရှင်ကောဏ္ဍညနှင့် ဗြဟ္မာတွေ နတ်တွေဟာ တရားဦးကိုနာပြီး ကျွတ်တမ်းဝင်ကြမည့် ပါရမီထူးရှိသူများဖြစ်သောကြောင့် သမ္မာသတိဆိုတဲ့ စကားလုံးကို ကြားရရုံနဲ့ဖြစ်တိုင်းဖြစ်တိုင်းသော ကိုယ်အမူအရာစသည်ကို ရှုမှတ်လျက် သမ္မယသတိမဂ္ဂကို ပွားစေရမယ်ဆိုတာ သိနားလည်ကြပြီး အဲဒီအတိုင်း ဖြစ်ပွားစေကြတဲ့အတွက် တရားထူးကို ရသွားကြတယ်လို့ ဒီလိုရင်လည်း မှတ်ယူရမယ် (သို့မဟုတ်) အဲဒီတုန်းက မဂ္ဂရှစ်ပါးကိုလည်း အများနားလည်လောက်အောင် ဖွင့်ပြဟောကြားခဲ့တယ်၊ သတိပဋ္ဌာန်လေးပါး ပွားများပုံကိုလည်း အများနားလည်လောက်အောင် ဖွင့်ပြဟောကြားခဲ့တယ်၊ ဒါပေမယ့် အဲဒီအကျယ်ဖွင့်ပြချက်တွေက အခြားသုတ်တွေမှာ အသီးအခြားရှိနေတဲ့အတွက် ပဌမသံဂါယနာတင်တဲ့အခါမှာ ဒီဓမ္မစက္ကပ္ပဝတ္တနသုတ်၌ မဂ္ဂင်ရှစ်ပါးကို ဒီနေရာမှာရော၊ နောက် မဂ္ဂသစ္စာအရာမှာရော ခေါင်းစဉ်အမည်မျှသာ အကျဉ်းချုံးပြီး သံဂါယနာတင်ခဲ့တယ်လို့ ဒီလိုရင်လည်း မှတ်ယူရမယ်၊ ဒီလို အကျဉ်းချုံးပြီး သံဂါယနာတင်တဲ့ အခြားသုတ်ရှိပါရဲ့လားလို့ မေးရင် ရှိပါတယ်လို့ ဖြေနိုင်ပါတယ်။ ဘယ်သုတ်လဲဆိုရင် မူလပဏ္ဏာသမှာ သတိပဋ္ဌာနသုတ် ဆိုတာပါပဲ၊ အဲဒီသုတ်ဟာ မဟာသတိပဋ္ဌာနသုတ်ကို အကျဉ်းချုံးပြီး ပထမပိုင်းမျှကိုသာ မူလက သံဂါယနာတင်ခဲ့ပါတယ်။ ဒါပေမယ့် ယခု ဆဋ္ဌသံဂါယနာကြတော့ နောက်ပိုင်းပါဖြည့်စွက်ပြီး သံဂါယနာတင်ထားပါတယ်၊ သို့သော်လည်း အဲဒီနောက်ပိုင်း အဖွင့်ကတော့ အဲဒီ မူလပဏ္ဍာသ အဋ္ဌကထာမှာ မရှိပါဘူး။ ဒိပြင်လဲ အခြားနိကာယ်က သုတ်ရှည်တွေကို ခုဒ္ဒကနိကာယ်ထဲမှာ ချုံးပြီး သံဂါယနာတင်ထားတာတွေရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာလည်း အကျယ်ဖွင့်ပြချက်တွေကို ပဋ္ဌမသံဂါယနာတင်စဉ်က ခြွင်းချန်ပြီး အတိုချုံး သံဂါယနာတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီလိုဆိုရင်တော့ မဂ္ဂရှစ်ပါး ခေါင်းစဉ်အမည်မျှကလေးဖြင့် အကျယ်အနက်တွေကို ဘယ်လိုသိနိုင်ကြပါလိမ့်မလဲလို့ စဉ်းစားစရာမလိုတော့ဘူး။ ယခုနေအခါမှာဆိုရင် ယခုဘုန်းကြီးရွတ်ဆိုဟောပြတဲ့ သတိပဋ္ဌာန်လေးပါးအကြောင်းကိုလည်း သိကြပါလျက်၊ အဲဒီအကျဉ်းချုပ်မှာ ဥဒ္ဒေသစကား၏ အကျယ်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ်ကြီးကိုလည်း တွေ့နေကြပါလျက်၊ အဲဒီသုတ်၏ အဋ္ဌကထာအဖွင့်တွေကိုလည်း တွေ့နေကြပါလျက်သမ္မာသတိမဂ္ဂင် ကို ဘယ်လိုပွားစေရမယ်လို့ တိတိကျကျ နားလည်တဲ့ပုဂ္ဂိုလ်က အနည်းသားပဲ။ ဒါကြောင့် ဟိုတုန်းကလည်း အများနားလည်အောင် မြတ်စွာဘုရားက အကျယ်ဖွင့်ပြ ဟောကြားခဲ့တယ်လို့ ဘုန်းကြီးက သဘောကျပါတယ်။

ဒီနေရာမှာသမ္မာသတိမဂ္ဂင်ဆိုတာ သတိပဋ္ဌာန်လေးပါးပဲလို့ ခိုင်ခိုင်မြဲမြဲ မှတ်ထားကြရမယ်၊ သမ္မာ သတိမဂ္ဂင်ကို သတိပဋ္ဌာန်လေးပါး လို့ဆိုတော့ အဲဒီ သမ္မာသတိမဂ္ဂင်ကို ဘယ်လိုပွားစေရမလဲဆိုရင် ခုတင်က ရွတ်ဆိုပြခဲ့တဲ့ အဖွင့်ပါဠိဖြင့်လည်း အတော်အတန် ထင်ရှားနေပါပြီ၊ အဲဒီ ပါဠိဟာလည်း မဟာသတိပဋ္ဌာနသုတ်က ဥဒ္ဒေသ အကျဉ်းစကားနှင့် ထပ်တူပါပဲ၊ ဒါကြောင့် အဲဒီအကျဉ်းစကားလောက်နဲ့ ကောင်းကောင်းနားမလည်သေးရင် အကျယ်ပြထားတဲ့ မဟာသတိပဋ္ဌာနသုတ်ကြီးကို လေးလေးနက်နက် လေ့လာကြည့်ရှုရုံပါပဲ၊ အဲဒီလို လေ့လာကြည့်ရှုရင် ကာယာနုပဿနာ အလိုအားဖြင့် ဝင်လေ ထွက်လေ ဆိုတဲ့ အာနာပါနကိုရင်လဲ ရှုရမယ်၊ သို့မဟုတ် ဆံပင် မွှေးညှင်း အစရှိသော ၃၂ - ကောဋ္ဌာသကိုရင်လဲ ရှုရမယ်၊ အဲဒီ ပါးကိုတော့ သမထ ကမ္မဋ္ဌာန်းလို့ အဋ္ဌကထာက ဆိုပါတယ်။ ကျန်တဲ့သတိပဋ္ဌာန် (၁၉)ပိုင်းကိုတော့ ဝိပဿနာကမ္မဋ္ဌာန်းလို့လည်း ဆိုပါတယ်။ ဥပစာရ ကမ္မဋ္ဌာန်းလို့လဲ ဆိုပါတယ်။ ဥပစာရ ကမ္မဋ္ဌာန်းဆိုတော့ အပ္ပနာစျာန် သမာဓိကို မရစေနိုင်ဘူး။ ဥပစာရ သမာဓိ လောက်သာရစေနိုင်တယ်လို့ ဆိုလိုပါတယ်။