အဋ္ဌကထာသံဂါယနာ-ဒုတိယသံန္နိပါကံ သံဂါယနာစိစစ်ခဏ်း

Author By - ဖြည့်စွက်ရန်

test

အဋ္ဌကထာသံဂါယနာ-ဒုတိယသံန္နိပါကံ သံဂါယနာစိစစ်ခဏ်း

Author By - ဖြည့်စွက်ရန်

88 စာမျက်နှာ


အဋ္ဌကထာသံဂါနာစီစစ်ခဏ်း

နိဒါန်း

ဆဋ္ဌသံဂါယနာတင်ခြင်း

သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် သုတ် ဝိနည်း အဘိဓမ္မာ ဟူသော ပိဋကတ်သုံးဖြာ တရားရတနာကို နှစ်ကြာတည်တံ့ အရှည်ခံ့ရန် မြော်ငံ့ရွယ်ရည်လျက် ရှေးရှေး သာသနာပြုမင်းတို့သည် ပိဋကတ်သုံးပုံဆောင် မဟာထေရ်မြတ်ကြီးများကို အားထားရှေးရှု အမှီပြု၍ စတုပစ္စယမြှောက်ချီးလျက် ကြီးကျယ်သော သံဂါယနာဓမ္မသဘင်ကြီးများကို ငါးကြိမ်တိုင်တိုင် ဆင်ယင် စေခဲ့ကြဘိသကဲ့သို့ ယခုခေတ်တွင် ဗုဒ္ဓသာသနာတော် အထွန်းကားအစည်ပင်ဆုံးဟု ဆိုအပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၌ နိုင်ငံတော် သမ္မတကြီးမှအစ တောင်သူလယ်သမား အလုပ်သမားအဆုံး လူတန်းစား အားလုံး အများဆုံးသော ဗုဒ္ဓဘာသာနွယ်ဝင်တို့ကလည်း ဗုဒ္ဓမြတ်စွာ သာသနာတော်၏ နှစ်ကြည်စည်ပင် ကြည်လင်ထွန်းလင်းနိုင်ရေးကို ရှေးရှု နှလုံးသွင်းကြလျက် နိုင်ငံတော်အတွင်းရှိ ပိဋကတ္တယဆေက ဂန္ထန္တရပါရဂူ နေလအတူ ထင်ရှားတော်မူကြသော ဆရာတော် ဘုရားကြီးများကို လျှောက်ထား၍ ထေရဝါဒငါးနိုင်ငံလုံးရှိ ရဟန်း ရှင် လူတို့နှင့် တိုင်ပင်ညီညွတ်လျက် ၁၃၁၆ - ခုနှစ်မှစ၍ နှစ်နှစ်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ဝယ် ထွဋ်မြတ်ကြီးကျယ် အံ့ဘွယ်သရဲ ထူးကဲစည်ကားလှသော ဆဋ္ဌသံဂီတိ ပါဠိတော်သံဂါယနာကို ငါးရာ ငါရောစီသော ထေရဝါဒ သံဂီတိကာရ အရှင်မြတ်တို့ တညီတညွတ်တည်း ရွတ်ဖတ်လျက် ငါးရပ်ငါးကြိမ်သော သန္နိပါတတို့ဖြင့် ဓမ္မသဘင် ဆင်ယင်နိုင်ခဲ့လေသည်။

အဋ္ဌကထာသံဂါယနာ

ထိုသန္နိပါတ ငါးကဏ္ဍဝေဘန်၍ သံဂါယနာတင်ခဲ့ကြသည့် ပိဋကတ္တယ ဓမ္မတော်အစဉ်သည် -

() ဓမ္မဂမ္ဘီရ = သဘာဝနိရုတ္တိပါဠိ၏ နက်နဲခြင်း

() အတ္ထဂမ္ဘီရ = ယထာဘူတသဘာဝတ္ထ၏ နက်နဲခြင်း

() ဒေသနာဂမ္ဘီရ = ထိုဓမ္မအတ္ထ နှစ်ဌာနတို့ကို သဘာဝအလျောက် ရွေးကောက်ဟောပြောမှု၏ နက်နဲခြင်း။

() ပဋိဝေဓဂမ္ဘီရထိုသုံးဖြာကို ယထာဘူတ ကျနထင်ရှု သိမြင်မှု၏ နက်နဲခြင်း ဟုဆိုအပ်သော နက်နဲခြင်းလေးဝကြောင့် ပါဠိတော်၏ သဘာဝတ္ထ အလင်းပြဖြစ်သော ပကိဏ္ဏကဒေသနာ အဋ္ဌကထာကို မြတ်စွာဘုရား ဟောကြားညွှန်ပြတော်မူသောအတိုင်း ရှေးရှေးသံဂါယနာသဘင်တို့ဝယ် တင်တော်မူခဲ့ကြသည့် ထုံးတမ်းစဉ်လာအရ ဤဆဋ္ဌသံဂါယနာသဘင် ဆင်ယင်ရာ၌လည်း အဋ္ဌကထာသံဂါယနာသဘင်ကို ၁၃၁၈ - ခု နတ်တော်လပြည့်ကျော် ()ရက် ဗုဒ္ဓဟူးနေ့မှစ၍ ဆက်လက် ဆင်ယင်ခဲ့ကြပေသည်။

အဋ္ဌကထာစီစစ်ချက်များ စီစဉ်ဟောကြားရပုံ

ဤသို့ အဋ္ဌကထာသံဂါယနာတင် ဆင်ယင်ကျင်းပရာဝယ် ယခင်ပါဠိတော်သံဂါယနာတွင် ပါဠိတော်ဆိုင်ရာ ခဲရာခက်ဆစ် စီစစ်ဝေဘန်စရာတို့ကို အမေးအဖြေပြုလုပ်၍ ထုတ်ပြရှင်းလင်းခဲ့ကြရသကဲ့သို့ အဋ္ဌကထာဆိုင်ရာ ဝေဘန်စရာအသွယ်သွယ် အဓိပ္ပါယ်ပုဒ်နက် စီစစ်ချက်တို့ကို ထုတ်နုတ်ဟောကြားခြင်းဖြင့် တိက္ခပုဂ္ဂိုလ်တို့ သံသယကင်းရှင်းခြင်း, မန္ဒပုဂ္ဂိုလ်တို့ သိသာထင်ရှား သဒ္ဓါပွားခြင်းစသော အကျိုးတို့ကို မြှော်ကိုးထောက်ရှုတော်မူလျက် ဟောပြောခြင်းငှာ စွမ်းနိုင်သော ပခုက္ကူမြို့ မဟာဝိဇယာရာမတိုက် အဘိဓဇ မဟာရဋ္ဌဂုရုဆရာတော်ဘုရားကြီး၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုန္ဒရမဟာထေရ်နှင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်တို့အား ဆဋ္ဌသံဂါယနာ သံဃာ့ဝန်ဆောင်အဖွဲ့က ဟောပြောရေးအတွက် တာဝန်ဆောင်နှင်းတော်မူခဲ့သည့်အတိုင်း အထက်ပါ ဆရာတော်တို့က အဋ္ဌကထာသံဂါယနာ ပဌမသန္နပါတမှစ၍ အဋ္ဌကထာစီစစ်ချက်တို့ကို သက်ဆိုင်ရာအဖွင့် သံဝဏ္ဏနာမှတ်သားဖွယ်ရာ ဝတ္ထု အကိုးအကားတို့ဖြင့် သန္နိပါတတိုင်း နေ့လယ် တစ်နာရီမှ တစ်နာရီ (၄၅)မိနစ်အထိ စီစစ်ဟောကြားတော်မူခဲ့ရာ ဓမ္မသဘင်သိ တက်ရောက်သော သံဃာတော် အရှင်မြတ်များနှင့် တရားတော်နာ လာရောက်ကြသည့် လူပရိသတ်တို့မှာ မပြတ်သဒ္ဓါပွား၍ အားရရွှင်လန်း ဝမ်းပန်းတသာရှိကြရပေသည်။

စီစစ်ချက်ကို ပုံနှိပ်ထုတ်ဝေခြင်း

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကလည်း အဋ္ဌကထာကျမ်းတို့၏ အမြုတေဖြစ်သော ယင်းစီစစ်ချက်တို့ကို မပျောက်မပျက်ရန်နှင့် ဓမ္မသဘင်သို့ မဝင်ရောက် မနာကြားနိုင်သော နိုင်ငံတော်တွင်းရှိ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူအများတို့ ထင်ရှားသိသာ လေ့လာကျင့်သုံးနိုင်ကြရေးအတွက် ကျမ်းစာအုပ်အဖြစ် စက်တင်ပုံနှိပ်ရန် စီစဉ်ဆုံးဖြတ်ခဲ့သည့် ဖြစ်သောကြောင့် ဤအဋ္ဌကထာ စီစစ်ချက်များကို အသံသွင်းဓာတ်ကြိုးမှ ကြိုးကြိုးစားစား ကူးယူလျက် စက်တင်ပုံနှိပ်ခဲ့ခြင်းဖြင့် ဤအဋ္ဌကထာစီစစ်ချက်ဟူသော ကျမ်းစာတစ်ဆူသည် ထွက်ပြူဖြစ်ပေါ်၍ လာခဲ့ရပေသည်။

ဤကျမ်းစာဖြင့်  သာသနာစောင့်ရှောက်နိုင်ပါစေ

ဤအဋ္ဌကထာစီစစ်ချက် ကျမ်းစာကို ဖတ်ရှုခြင်းဖြင့် အဋ္ဌကထာ ကျမ်းတို့ဝယ် မြုပ်ကွယ်နေသော အနက်အဓိပ္ပါယ်တို့ကို အလွယ်တကူ သိမြင်နိုင်သဖြင့် ယခင်က ထွက်ပေါ်ပြီးသော ပါဠိတော် အမေးအဖြေဖြစ်သည့် သံဂါယနာအမေးအဖြေကျမ်းနှင့် ပါဠိတော် မြန်မာပြန်ခေါ် မြန်မာပိဋကတ်ကျမ်းစာများ၏ အဓိပ္ပါယ်အခက်အခဲတို့ကို နက်နဲသလောက် ထိရောက်စွာ စိတ်ဖြာလျက် သိသာပွင့်လင်းအောင် သန့်ရှင်းစွာ စီစစ်ထားသည်ဖြစ်ရကား ယခင်ကျမ်းများကို ကြည့်ရှုဘူးသူတို့အဖို့ ပိုမို၍ အသိဉာဏ် တိုးပွားလျက်၊ ယခင်ကျမ်းများကို မကြည့်ရှုရသူတို့အဖို့လည်း အဋ္ဌကထာ ဗုဒ္ဓဘာသိတ ပကိဏ္ဏကဒေသနာအဓိပ္ပါယတ္ထ တို့ကို ကျကျနန သိမြင်နိုင်မည်ဖြစ်သဖြင့်၊ မဟာသမုဒ္ဒရာအတွင်း၌ နစ်မြုပ်၍နေကြကုန်သော ရတနာခုနစ်ပါးတို့ကို လွယ်လင့်တကူ ယူဆောင်သုံးစွဲနိုင်သကဲ့သို့ အံ့ဖွယ်ရှစ်ဖြာ မဟာသမုဒ္ဒရာအလား မြတ်စွာဘုရား၏ သာသနာတော်မြတ်ကြီးမှ ဝိမုတ္တိရသ အမတအမြိုက် ချမ်းသာတိုက်ကြီးကို နှိုက်ယူသုံးစွဲနိုင်ကြမည်ဖြစ်သောကြောင့်၊ ဤအဋ္ဌကထာ စီစစ်ချက်ကျမ်းစာကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူ ရဟန်းရှင်လူတိုင်း ရွှင်ဖြူနှစ်သိမ့် ပီတိစိမ့်အောင် တမြိန့်မြိန့်လေ့လာကြပြီးလျှင် ဗုဒ္ဓဘာသာ သာသနာကို နှစ်ကြာတိုးတက်ရောင်ဝါထွက်အောင် ဆောင်ရွက်နိုင်ကြပါစေသတည်း။

 

အဂ္ဂမဟာဏ္ဍိတ အရှင်နာဂဝံသာဘိဝံသ

အဂ္ဂမဟာပဏ္ဍိတ အရှင်ဝိသုဒ္ဓါဘိဝံသ

အကျိုးတော်ဆောင် ဆရာတော်များ

ဆဋ္ဌသံဂါယနာ ဝန်ဆောင်သံဃအဖွဲ့