ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥပုသ်သီလ သြဝါဒ အနုမောဒနာ တရားတော်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၁၃၄၀-ပြည့်နှစ်၊ နယုန်လဆန်း ၈-ရက်၊ နံနက် ၈-နာရီအချိန် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံ၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်ဖြစ်ပါသည်။

တောင်ပိုင်းရှမ်းပြည်ဒေသနာခရီး

ခရီးသွားနေရတာ ပထမက ညောင်ရွှေအနီးက ရွာသစ်ဆိုတာမှာ ၁၀-ရက်စခန်း ဖွင့်ဖို့ဆိုပြီးပင့်လို့ သွားရတာပါ၊ အဲဒါအရင်းခံပြီးတော့ နီးစပ်ရာတွေပါအကုန်လုံး တရား ဟောကြားဖို့ တစ်ဌာန, တစ်ဌာနမှာ ၂-ရက်စီ, ၂-ရက်စီ ပေးထားရတယ်။ နောက် သည့်ပြင်နေရာတွေကလဲ အလိုရှိပါတယ်ဆိုပြီး ထပ်မံ တောင်းပန်လျှောက်ထားကြလို့ အစီအစဉ်ကို ပြုပြင်လိုက်ရတယ်။ တချို့နေရာတွေလဲ တစ်ရက်ပဲ ပေးနိုင်တော့တယ်။ တချို့နေရာများမှာဆိုရင် ညမဟုတ်ဘဲ နေ့အချိန်ပိုင်းလောက်သာ ဟောဖို့ဆိုပြီး အစီ အစဉ်တွေ လုပ်ကြတယ်။ အဲဒီအစီအစဉ်အတိုင်း ကဆုန်လဆန်း ၃-ရက်နေ့က နေပြီး တော့ ခရီးစထွက်ခဲ့တယ်။

နန်းပန်-ဘုရားပေါက်-တာဝတိံသာရိပ်သာတဲ့

ပထမဆုံး တောင်ပိုင်းရှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်၊ ဘုရားပေါက်၊ တာဝတိံသာရိပ်သာဆိုတာကို ရောက်တယ်။ အဲဒီ နန်းပန်ရွာကတော့ အရင်ကတည်းက သတိပဋ္ဌာန်ကမ္မဋ္ဌာန်းဌာနကလေးပါပဲ။ အရင်က မလှိုင် ပန်းအိုင်ဖက်က ရွှေကျင်ဆရာတော်များ အဆက်ဆရာတော်က ကမ္မဋ္ဌာန်းပြနေခဲ့တဲ့ ဌာနကလေး ပါပဲ။ ဒါပေမယ်လို့ အဲဒီအဆက်တွေပြတ်ပြီးတော့ ကမ္မဋ္ဌာန်းကျောင်းကလေးတွေ တောင် ပျက်သွားခဲ့တယ်။

အခု ဘုန်းကြီးတို့တပည့် ရန်ကုန်သာသနာ့ရိပ်သာက ဦးကစ္စာယနဆိုတာ သွားပြီး နေခဲ့တယ်။ အဲဒါကိုအကြောင်းပြုပြီးတော့ အဲဒီနေရာမှာ တရားအားထုတ်တဲ့ယောဂီ တွေရှိလာတာနဲ့ အဲဒီကမ္မဋ္ဌာန်းဌာနကို ယခုတစ်ဖန် စပြီးတော့ဖွင့်တယ်။ သူတို့နေရာ ကတော့ အစကတည်းကအခြေခံရှိလို့ ဆက်ပြီးတော့ အားထုတ်နိုင်ကြဖို့ပါပဲ။ အဲဒီမှာ တရား နှစ်ညဟောခဲ့ရတယ်။ ဆက်လက်ဖတ်ရှုရန် ...

ရွှေညောင်မှာ

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

အဲဒီကနေပြီးတော့ ရွှေညောင်ဆိုတာ တောင်ပိုင်းရှမ်းပြည် ရထားလမ်းဆုံးပဲ။ အဲဒီမှာ တရားတစ်ည ဟောခဲ့ရတယ်။ အဲဒီ ရွှေညောင် ဒက္ခိဏာရုံကျောင်းက ဆရာတော်ကြီးကလဲ ဘုန်းကြီးတို့ရိပ်သာမှာ တရားအားထုတ်ခဲ့ဖူးတယ်။

အင်းလေးရွာသစ်မှာ

အဲဒီကပြန်လာပြီးတော့မှ ရွာသစ်ဆိုတဲ့ရွာမှာ ဟောရတယ်။ အဲဒီမှာ မန္တလေး ရတနာပုံသာသနာ့ရိပ်သာမှာ နာယက, ကမ္မဋ္ဌာနာစရိယအဖြစ်နဲ့ ဆောင်ရွက်နေတဲ့ ဟံလင်းကြီးဆရာတော်က ဘုန်းကြီးတို့ အင်းလေး နန်းပန်ရောက်တဲ့နေ့ကပင် ဘုန်းကြီး တို့နှင့်အတူပါလာပြီး အဲဒီ ၃-ရက်နေ့ကတည်းက အဲဒီ ရွာသစ်မှာ ၁၀-ရက်စခန်းဖွင့်ပြီး တရားပြနေခဲ့တယ်။ အဲဒီမှာ တရားအားထုတ်သူ ယောဂီ ၅၀-လောက် ရှိနေပါတယ်။ အဲဒီမှာ ဘုန်းကြီးက တရား ၂-ညဟောခဲ့တယ်။

ညောင်ရွှေနှင့်မိုင်းသောက်မှာ

ညောင်ရွှေမြို့ သာသနဝိပုလရွှေဂူစာသင်တိုက်မှာတော့ တရား ၂-ည ဟောခဲ့ရ တယ်။ အဲဒီမှာလဲ ဓမ္မစကြာအဖွဲ့တွေ ဘာတွေနဲ့ တော်တော်စည်ကားပါတယ်။ အင်းလေးရဲ့ ရှေ့ဘက်ကမ်းပေါ်က မိုင်းသောက်ဆိုတဲ့ရွာမှာ နေ့တရားပွဲဟောရတယ်။

ဟဲယာရွာမနှင့် အင်ကြင်ကုန်းဓမ္မဂီတိမှာ

အင်းလေး ဟဲယာရွာမက ကျောင်းနီကျောင်းဆိုတာမှာတော့ ဂိုဏ်းချုပ် ဆရာတော်ကြီး ရှိတယ်။ အဲဒီဆရာတော်ဟာ ဂဏဝိသ သံဃသမ္မုတိဂိုဏ်းချုပ်၊ ဂိုဏ်းပေါင်းနှစ်ဆယ်ရဲ့ ဦးစီးချုပ်ဆိုတော့ အတော်ကြီးကျယ်ထင်ရှားတဲ့ ဆရာတော်ပါပဲ။

ဘုန်းကြီးတို့ မော်လမြိုင်မှာနေစဉ်ကတည်းက ဒီဆရာတော်နှင့် သိကျွမ်းခဲ့ပါ တယ်။ မော်လမြိုင် တောင်ပေါက်ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးစက္ကပါလရဲ့ တပည့်ပါပဲ။ ဟိုတုန်းကတည်းက စာချပုဂ္ဂိုလ်ပါပဲ။ ဟိုတုန်းကတည်းက ဘုန်းကြီးနှင့် သိနေပါတယ်။ သူက ဘုန်းကြီးထက် ၂-ဝါလောက် ကြီးပါတယ်။ သူကနေပြီးတော့ ဘုန်းကြီးတို့ သတိပဋ္ဌာန်ဝိပဿနာတရားတွေကို အားပေးနေပါတယ်။ တော်ပါတယ်။ ဒီလို ဂိုဏ်းချုပ်ဆရာတော်ကြီးကအားပေးတော့ အဲဒီ အင်းလေး အင်ကြင်းကုန်းရွာ အနီးက ဓမ္မဝိတိကာရာမဆိုတဲ့ကျောင်းတွင် ဝါတွင်းဝါတွင်းမှာ ဘုန်းကြီးတို့နည်းအတိုင်း သတိပဋ္ဌာန်ဝိပဿနာကမ္မဋ္ဌာန်းဌာန ဖွင့်လာတာ ၃-နှစ်တောင်ရှိပါပြီ။

အဲဒီနေရာကိုလဲ ဘုန်းကြီး ရောက်ခဲ့ရသေးတယ်။ အဲဒီမှာ ဓမ္မာရုံကြီးဆောက်ဖို့ အုတ်မြစ်ချ, ပန္နက်ချခဲ့ရတယ်။ အဲဒီမှာလဲပဲ တစ်နေ့ တရားဟောခဲ့ရတယ်။ ခုတင်က ဟဲယာရွာမ ဂိုဏ်းချုပ်ဆရာတော်ကြီးရဲ့ ကျောင်းမှာတော့ ၂-ရက်နေ့နှင့် ၂-ည ဟောခဲ့ ရတယ်။

တောင်ကြီးမှာ

ပြီးတော့ တောင်ကြီးမြို့မှာလဲ ၂-ညဟောရတယ်။ အဲဒီ တောင်ကြီးမှာတော့ ဒီက မဟာစည်တရားပွဲတွေ အများကြီးပါပဲ။ ဘုန်းကြီးတို့ မဟောရသေးခင်ကလဲ အဲဒီ တောင်ကြီးမှာ ရှင်ဥတ္တမကျော်တို့က ၂-ညဟောတယ်။ ဘုန်းကြီးက နောက် ၂-ည ဟောရတယ်။ အဲဒီနောက်တော့ ဟံလင်းကြီးကလဲ ၂-ည၊ သည့်ပြင် ဦးသုမနတို့၊ သလ္လာဝတီတို့၊ ဦးဧသိကတို့၊ ဦးပဏ္ဍိတတို့ကလဲ ၂-ညစီ, တစ်ညစီ စသည်ဖြင့် ဟောကြတယ်။ အများကြီးပါပဲ၊ ဟောသွားကြတယ်။ တရားတွေနာကြပါတယ်။ တော်တော်အရှိန်အဝါရှိပြီး တော်တော်ဟန်ကျ ပါတယ်။

ပွေးလှ၊ ပင်းတယ၊ ကျုံးတရားပွဲ

တောင်ကြီးမှာ ၂-ညဟောပြီး အင်းလေးခေါင်တိုင် ရေပူစမ်းအနီးက ညောင်ဝန်း ဆိုတဲ့ရွာမှာလဲ တစ်ခဏ ဝင်ဟောရတယ်။ ပြီးတော့ ပွေးလှဆိုတဲ့နေရာမှာလဲ နေ့တရား တစ်ရက်ဟောရတယ်။ ပင်းတယမြို့မှာတော့ ညတရားဟောရတယ်။ ပင်းတယကတော့ စောစောကတည်းက ရိပ်သာပဲ။ ဖွင့်ထားတာ ၁၀-နှစ်လောက်ရှိသွားပါပြီ။

အဲဒီနောက် ကျုံးဆိုတဲ့အရပ်မှာ နေ့တရားတစ်ပွဲဟောရတယ်။ ပင်းတယကနေပြီး တော့ ကလောကို သွားတဲ့အခါမှာ နေ့ဆွမ်းစားပြီးတော့ ဟောရတာပါပဲ။ အဲဒီကျုံးဟာ ကမ္မဋ္ဌာန်းဌာနတော့ မဟုတ်ပါဘူး။ တရားဟောရုံပါပဲ။ ဒါပေမယ်လို့ အဲဒီကပုဂ္ဂိုလ် တွေလဲ တော်တော် တော်ကြပါတယ်။ တရားကို ရိုရိုသေသေ နာကြတယ်။ လူမျိုး တွေကတော့ ပအိုဝ်လူမျိုးကများတယ်ဆိုပါတယ်။ ဒီတောင်ပိုင်းရှမ်းပြည်မှာ တွေ့ရတာ တွေက ရှမ်းတွေပါပဲ။ ရှမ်းကတော့ ရှမ်းစုံပါပဲ။ တချို့ ရှမ်းကို ဓနုလို့ခေါ်တယ်။ ဓနုဆိုတာက စကားပြောတော့ ဗမာစကားတွေပါပဲ။ ဒါပေမယ်လို့ သူတို့ပြောပုံက တစ်မျိုးဖြစ်နေတော့ ဘုန်းကြီးတို့က သူတို့ပြောတာကို နားမလည်ပါဘူး။ ပင်းတယ မှာလဲ ဒီအတိုင်းပြောတာပါပဲ။ ဗမာစကားတွေကို ပြောကြတာပဲ။ ဗမာစကားမှာ ပုဂံခေတ်ကပြောတဲ့ စကားမျိုးတွေလဲ ပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီအရပ်ကို အဲဒီ ပုဂံလက်ထက်ကတည်းက ရောက်နေကြဟန်တူပါတယ်။ ဓနုလို့ခေါ်ပေမယ့် ဗမာတွေ ပါပဲ။

ကလော၊ အောင်ပန်း၊ ဟဲဟိုးမှာ

အဲဒီကနောက် ကလောမှာလဲ ၂-ည၊ အောင်ပန်းက တစ်ည၊ ဟဲဟိုးမှာလဲ တစ်ည ဟောဖို့ဟာ လေယာဉ်ပျံမရှိတာနဲ့ ၃-ည ဟောရတယ်။ လေယာဉ်ကို ၂-ရက် စောင့်နေ ရတယ်။

ကျိုင်းတုံမှာ

အဲဒီကနေပြီးတော့ ကဆုန်လဆုတ် ၅-ရက်နေ့မှာ ကျိုင်းတုံကို လေယာဉ်ပျံနဲ့ သွားရတယ်။ ကျိုင်းတုံရောက်တော့လဲ ၃-ညမျှနေဖို့ပါပဲ။ ဒါပေမယ်လို့ အရင်က ဒီရန်ကုန်သာသနာ့ရိပ်သာမှာ တရားအားထုတ်ထားတဲ့ ယောဂီဟောင်းဒေါ်နန်းမုတ်က ကြောင့်ကြစိုက်ပြီး တရားပွဲလုပ်တာဖြစ်တဲ့အတွက် သူက ၁၀-ရက်ထိအောင် နေပါဦး ဆိုတော့ သူ့ကိုအားနာတာနဲ့ ရောက်လဲရောက်ခဲတဲ့နေရာမို့ နေဦးမှပဲလို့ စဉ်းစား ပြီးတော့ ၁၀-ရက်နေရတယ်။

ကျိုင်းတုံဆိုတာကတော့ လူမျိုးတွေတော်တော်စုံတယ်။ အရင်းခံကတော့ ဂုံလူမျိုး တွေပဲ။ ဂုံလူမျိုးဆိုတာကို အဲဒီရောက်မှသိရတယ်။ ရှမ်းနဲ့ ဂုံနဲ့။ အဲဒီနှစ်မျိုး များတာ ပါပဲ။ သည့်ပြင်လူမျိုးတွေလဲ ရှိပါတယ်။ အားလုံး လူမျိုး ၂၀-လောက်ရှိတယ်လို့ ပြော တယ်။ ဗမာတွေလဲ တော်တော်များများရှိပါတယ်။ ဗမာစကား နားလည်တဲ့ ပုဂ္ဂိုလ်တွေ အတော်အသင့်တော့ရှိပါတယ်။ သို့သော် နားမလည်တဲ့ပုဂ္ဂိုလ်တွေက များပါတယ်။ ရှမ်းလိုဟောနိုင်မယ်ဆိုရင် ရှမ်းစကားကိုတော့ သူတို့ဆီကအကုန်နားလည်ကြတယ်။

အဲဒီမှာ စောစောကတည်းက ကမ္မဋ္ဌာန်းဌာနရှိပါတယ်။ မန္တလေး ဗောဓိရိပ်သာက နေပြီးတော့ ခွဲထားလို့ အဲဒီကဆက်သွယ်ပြီးတော့ ဖြစ်လာတဲ့ကမ္မဋ္ဌာန်းဌာနပါပဲ။ ပထမ စပြီးတော့ ပြတဲ့ဆရာတော်ကတော့ မရှိပါဘူး၊ ပျံတော်မူသွားပါပြီ။ သူ့တပည့် ဆရာတော်ကြီးတစ်ပါးရှိတယ်။ အဲဒီဆရာတော်ကြီးက ဘုန်းကြီးထက် အသက်တစ်နှစ်လောက်ငယ်တယ်။ ကြီးမှ ရဟန်းပြုတာဆိုတော့ ဝါကတော့ ၂၀-လောက်ပဲရသေး တယ်။ သူက မိုးမိတ်က ရှမ်းပဲ။ သူက ရှမ်းစကား, ဗမာစကားနှစ်မျိုးလုံးတတ်တယ်။ သူကလဲပဲ စေတနာကောင်းပါတယ်။

အဲဒီဆရာတော်ကြီးဟာ သူကိုယ်တိုင်လဲပဲ တရားအားထုတ်တယ်။ ဘုန်းကြီးတို့ထံ မှာလဲပဲ တရားအားထုတ်နည်းတွေကို မေးမြန်းလျှောက်ထားပါတယ်။ ဆုံးမပါဦးလို့လဲပဲ သူကပြောပါတယ်။ ဒါနဲ့ ဘုန်းကြီးက တရားအားထုတ်ဖို့ ညွှန်ကြားရတယ်။ အဲဒီမှာ ၁၀-ရက်ပြည့်ပြီးတဲ့ နယုန်လဆန်း ၁-ရက်နေ့မှာ ပြန်ဖို့ပါပဲ။ လေယာဉ်ပျံမရှိတာနဲ့ အဲဒီနေ့မှာမပြန်ရဘူး။ လေယာဉ်ပျံရှိတဲ့ နောက်နေ့မှပြန်ခဲ့ရတယ်။

အဲဒီမှာ ၁၀-ရက်စခန်း အားထုတ်ကြတာဟာ ရိုရိုသေသေပဲအားထုတ်ကြတယ်။ အားလုံး အားထုတ်ကြတာ ယောဂီ ၆၀-ကျော်လောက်ရှိတယ်။ သတိပဋ္ဌာန်ဝိပဿနာ တရားအားထုတ်နည်းတွေကို တော်တော် စိတ်ဝင်စားကြပါတယ်။ အဲဒီမှာလဲ ကမ္မဋ္ဌာန်း ဌာနဖြစ်မယ့်လက္ခဏာ ရှိပါတယ်။

အဲဒီ ရှမ်းပြည်အရပ်တွေကိုလျှောက်ပြီးတော့ ဒီက မဟာစည်နယ်လှည့် ဓမ္မ ကထိကတွေကလဲ ရောက်နေတာကိုး။ နှစ်စဉ်နှစ်စဉ် သူတို့ဟောနေတာနဲ့ တချို့ နေရာတွေက တရားနာဖူးတယ်၊ တချို့နေရာတွေကတော့ အသစ်တွေပါပဲ။ ကျိုင်းတုံက တော့ ဒီကမရောက်ဖူးသေးပါဘူး။ ဘုန်းကြီးလဲ အခု စပြီးတော့ ရောက်တာပဲ။ အဲဒီက တော့ အစွန်အဖျားကျတယ်။

အဲဒီဘက် တောရွာတွေမှာ တချို့ရဟန်းတွေက ရဟန်းကျင့်ဝတ်တွေ သိပ်ပြီး တော့ မပြည့်စုံကြဘူးလို့ သတင်းကြားရတယ်။ သေရည်သေရက်သောက်တဲ့ ဘုန်းကြီး လဲရှိသတဲ့။ ဘိန်းစားတဲ့ဘုန်းကြီးလဲရှိသတဲ့။ အရင်က အဲဒီလိုကြားဖူးတာဟာ အဲဒီ အရပ်တွေကပါပဲ။ ဒကာ ဒကာမတွေအနေနဲ့လဲ ဒါတွေကို အပြစ်လို့ မမြင်ကြဘူး။ သူတို့ဘုန်းကြီးနဲ့ သူတို့တော့ဟန်ကျလို့ပါပဲ။ ဒါ အကုန်လုံးတော့ မဟုတ်ပါဘူး။ အစွန်အဖျားကျတဲ့, အစွန်အဖျားကျလွန်းတဲ့ တောရွာတွေမှာပါပဲ။ သူတို့က ပုဂံခေတ် လက်ထက်က အရည်းကြီးဂိုဏ်းတွေကနေပြီးတော့ ပြန့်သွားသလားတော့ မသိပါဘူး။ ဒကာ, ဒကာမတွေကလဲ သူတို့ဘုန်းကြီးဟာ ဘိန်းစားနေမှ ရဟန်းအဖြစ်, ဘုန်းကြီး အဖြစ်နဲ့မြဲတယ်လို့ ယူဆပြီးတော့ ဘိန်းစားတာကို ကြည်ညိုနေကြသတဲ့။

အဲဒီ ကျိုင်းတုံမှာ ဓမ္မာရုံကြီးတွေဆောက်တာဟာ အင်မတန်ကောင်းပါတယ်။ သပ်သပ်ရပ်ရပ်တွေပါပဲ။ ဓမ္မာရုံကြီးထဲမှာ ဘုရားဆင်းတုတော်တွေကလဲ အင်မတန် ကောင်းပါတယ်။ သပ်သပ်ရပ်ရပ်တွေပါပဲ။ ဘုရားဆင်းတုတော်တွေဟာ နည်းတာ မဟုတ်ဘူး၊ အများကြီးပါပဲ။

ဘုရားဆင်းတုတော်တွေက ထွန်းကားနေပေမယ်လို့ မြတ်စွာဘုရားအဆုံးအမ ကျင့်ဝတ်တွေကတော့ တော်တော်လိုနေဟန် တူပါတယ်။ စာပေကျမ်းဂန်တွေလဲတယ် တတ်ကြဟန်မတူဘူး။ မြင်းစီးတဲ့ ရဟန်းတွေလဲရှိတယ် ဆိုပါတယ်။ မြို့ပေါ်ကိုတောင် တစ်ခါတစ်ခါလာတယ်လို့ပြောတယ်။ ဘုရားဆင်းတုတော်တွေ၊ စေတီတော်တွေကတော့ တော်တော် သပ်သပ်ရပ်ရပ်ကောင်းပါတယ်။ ဒါပေမယ်လို့ ဘုရားအဆုံးအမ ရဟန်း ကျင့်ဝတ်တွေက ဖျက်နေတော့ လူတွေမှာလဲ အများအားဖြင့်တော့ ကျင့်ဝတ်တွေ လိုနေမှာပါပဲ။

အဲဒီ အစွန်အဖျားကျတဲ့ရွာတွေမှာ ရဟန်းတွေကတောင် အရက်သောက်, ဘိန်း စားပြီး ငါးပါးသီလ မလုံလို့ရှိရင် လူတွေလဲ ငါးပါးသီလလုံဖို့ ခက်မှာပဲ။ ဒါပေမယ့် မြို့ပေါ်က လူတွေကတော့ တော်ပါတယ်။ မြို့ပေါ်မှာ ဘုန်းကြီးတို့တရားဟောတော့ ရိုရိုသေသေကောင်းကောင်းမွန်မွန် နာကြားကျင့်ပွားနေတဲ့ ပုဂ္ဂိုလ်တွေများစွာပင် ရှိပါ တယ်။

အဲဒီ ကျိုင်းတုံဒေသဟာ အစွန်အဖျားကလဲကျ တရားမှန်ကိုနာကြားဖို့ရာကလဲ ခဲယဉ်းတဲ့နေရာ ဖြစ်တယ်။ ဒါကြောင့် ဘုန်းကြီးက အဲဒီမှာ ၁၀-ရက်ထိအောင် နေခဲ့ တာပါပဲ။ ဒကာမကြီးဒေါ်နန်းမုတ်က တာဝန်ခံပြီးဆောင်ရွက်လို့ ၁၀-ရက်စခန်း အောင်မြင်တယ်လို့ ဆိုရမှာပဲ။ ပဋိပတ်ဌာနအောင်မြင်စေနိုင်တဲ့ တရားတွေလဲ ရိုရို သေသေ နာကြားကြတယ်။ ပထမက ဘုန်းကြီးအနေနဲ့ ၃-ညသာတရားဟောဖို့ လာတာပါပဲ။ နောက် ပြန်ကာနီးကျတော့ ဘုန်းကြီးက တစ်ညဟောရသေးတယ်။ ၂-ည ဖြစ်သွားတယ်။ နောက် ဦးဣန္ဒကကလဲ တစ်ညဟောရတယ်။ ၅-ညဖြစ်သွားတယ်။ အဲဒါက မြို့ထဲဟောရတာပဲ။ ၁၀-ရက်စခန်းဖွင့်တဲ့ ကျောင်းမှာတော့ နေ့စဉ်ပါပဲ။ ၁၀္ထရက်တိုင်တိုင် နေ့စဉ်တရားဟောရာမှာ တရားနာကြတာဟာ တော်ကြပါတယ်။ သဒ္ဓါ တရားကောင်းတွေပါပဲ။ မြို့ပေါ်က ဘုန်းကြီးတို့ဆီလာရောက်ပြီး တရားနာကြတဲ့ပုဂ္ဂိုလ် တွေကတော့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပါပဲ။

မြတ်စွာဘုရား၏သာသနာတော်မှာ ဘုရား, တရား, သံဃာများကို ကိုးကွယ်နေ ကြတယ်ဆိုပေမယ်လို့ ဘုရားဟောတဲ့တရားတော်တွေကို သိသင့်သမျှသိထားမှ ကိုယ်တိုင်လဲ နည်းမှန်လမ်းမှန်တွေ ကျင့်ရတယ်။ ကောင်းကောင်းမွန်မွန်ကျင့်တဲ့ ဆရာ သမားတွေကို ကိုးကွယ်ပြီး တရားမှန်ကိုနာနေကြရတဲ့ ဒကာဒကာမတွေဟာ အင်မတန် ကံကောင်းတယ်လို့ဆိုရမှာပဲ။ တရားတွေလဲ ကိုယ်တိုင်ကျင့်ရလို့ အင်မတန် နေရာ ကျတယ်။

မြန်မာပြည်ထဲက တချို့နေရာတွေမှာ တရားကျင့်ရမှန်းမသိဘဲနဲ့ ဒီအတိုင်းနေကြ တာတွေ အများကြီးရှိတယ်။ တရားကျင့်ရမှန်းသိတာက နည်းတယ်။ တချို့က ဥပုသ် စောင့်ရမှန်းတောင် သိတာမဟုတ်ဘူး။ တချို့မှာ ဥပုသ်စောင့်ပေမယ့် ဘာမှသိပ်သိတာ မဟုတ်ဘူး။ ဥပုသ်စောင့်ရင်း စကားတွေစုပြောကြပြီးတော့ အချိန်ကုန်သွားတာတွေ လဲရှိတယ်။ ဒီလိုနေရာမျိုးတွေဟာ မြန်မာပြည်ထဲမှာလဲ ရှိပါတယ်။ ရဟန်းတော်တွေ ဘက်ကလဲ ပရိယတ်, ပဋိပတ် နှစ်ရပ်လုံးပြည့်စုံတာက နည်းတယ်။ ပဋိပတ်ဘက်က တော့ အတော်ကို နည်းတာပဲ။ တရားမှန်ကိုဟောတဲ့ပုဂ္ဂိုလ်ကလဲ နည်းနည်းရှိတာ သိပ်မများဘူး။ ပရိယတ်ဘက်ကလဲ ထိထိရောက်ရောက် သင်ယူပို့ချတဲ့ပုဂ္ဂိုလ်က နည်း တာပဲ။ အခု ဒီမှာ ပဋိပတ်အကျင့်တွေကို ကိုယ်တိုင်ကျင့်ပြီးတော့ သိတန်သမျှသိနေကြ ရတာဟာ အင်မတန်ဝမ်းသာစရာကောင်းတယ်။ အခုလို ဝါတွင်းရော, ဝါပရော ဒီမှာ ရှစ်ပါးသီလစောင့်ပြီးတော့ ကျင့်ရတဲ့ပုဂ္ဂိုလ်တွေက ပုဂ္ဂိုလ်အထူးတွေပေါ့။ မိမိတို့ တတ်နိုင်သမျှ သီလတွေလဲကျင့်သုံးလို့ သူများတွေထက်ပိုပြီးတော့ သမာဓိ, ပညာ ဖြစ်အောင်လဲ တတ်နိုင်သမျှ တိုးတက်ပွားများအားထုတ်သွားကြဖို့ပါပဲ။ အဲဒီလို အားထုတ်ကြခြင်းဖြင့် ပါရမီထူးတွေဖြစ်ပြီးတော့ မိမိတို့အလိုရှိအပ်သော ကောင်းကျိုး ချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကြပါစေ။

သာဓု- သာဓု- သာဓု။