မဟာစည်ပဋိပတ္တိသာသနာတော်၏ အထင်ကရ နေရာဌာနများနှင့် တရားအမွေခံယူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ရွှေဘိုမြို့ ဆိပ်ခွန်ရွာသည် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဖွားမြင်တော်မူရာ, သာမဏေဘဝ အစပြုရာ, ရဟန်းဘဝ အစပြုရာ, ပရိယတ္တိစာပေ များသာမက ဘာသန္တရစာပေများကိုပါ သင်ယူတော်မူခဲ့ရာ, မဟာစည်ပဋိပတ္တိသာသနာ အစပြုရာ, “မဟာစည်” အမည်တော်နာမ တွင်တော်မူရာ, ဝိပဿနာရှုနည်းကျမ်း ရေးသားစီရင်တော်မူရာ, မဟာစည်ဓာတုစေတီတော်မြတ် တည်ထားကိုးကွယ်ရာ, ဘူမိ နက်သန်အောင်မြေမှန် ဖြစ်၏။

၁၃၀ဝ-ပြည့်နှစ် ကဆုန်လပြည့်နေ့ ပွဲဦးထွက်ကမ္မဋ္ဌာန်းစတင်ခဲ့၍ ၁၃၇၅-ခုနှစ် တွင်ရောက်ရှိသည့် မဟာစည်ပဋိပတ္တိသာသနာ စိန်ရတုပူဇော်ပွဲ၌ ဆရာတော်ဘုရားကြီး ဖွားမြင်တော်မူခဲ့သော မြေနေရာဝယ်ယူခြင်းနှင့် ထိုနေရာတွင် စိန်ရတုကျောင်းဆောင် တည်ဆောက်ခြင်း, စိန်ရတုအထိမ်းအမှတ်စာစောင်ထုတ်ဝေခြင်း အစရှိသောကောင်းမှုများကို လက်ရှိပဓာနနာယက ဆရာတော်အရှင်ပညာစက္က(၁၃၀၇- ) အမှူးပြုသော ဆိပ်ခွန်ရွာ၏စုပေါင်းအင်အားဖြင့် စွမ်းဆောင်နိုင်ခြင်းတို့သည်လည်းကောင်း၊ ပဓာန နာယကဆရာတော်သည် နိုးကြားလှသော တာဝန်သိစိတ်ဖြင့် “ဓမ္မစကြာတရားတော်, အနတ္တလက္ခဏသုတ် တရားတော်, ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးအကျယ်” အစရှိသော ဆရာတော်ဘုရားကြီး၏ ကျမ်းဂန်တရားတော်များကို ပို့ချပေးခြင်း, စာမေးပွဲ စစ်ဆေးပေးခြင်းတို့သည်လည်းကောင်း၊ ပဋိပတ္တိသာသနာတော် တည်တံ့ပြန့်ပွားရေး သြဝါဒအမွေကို လေးနက်စွာခံယူခြင်းပင် ဖြစ်လေ၏။

မော်လမြိုင် တောင်ဝိုင်းလေးမဟာစည်သာသနာ့ရိပ်သာ (မူလ တောင်ဝိုင်းလေးတိုက်ကျောင်း)သည် ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဂန္ထဝါစကအဖြစ် ပရိယတ္တိစာပေကို စတင်ပို့ချတော်မူခဲ့ရာ, သက္ကတဘာသာကို အဘယာရာမဆရာတော်နှင့် မဟာမြိုင် ဆရာတော်အရှင်ရေဝတ(၁၂၅၅-၁၃၃၂)တို့ထံမှ ဆည်းပူးတော်မူခဲ့ရာ, သတိပဋ္ဌာန် တရားတော်မြတ်ကို အားထုတ်ရန်ဆုံးဖြတ်၍ ပဋိပတ္တိခရီးအစပြုခဲ့ရာ, မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌ ၄-လကြာ မနားမနေကြိုးစားအားထုတ်ခဲ့ပြီး မိမိသီတင်းသုံးရာ တောင်ဝိုင်းကလေး၌ ဆက်လက်အားထုတ်ခြင်းဖြင့် “ပညာမျက်စိ” ရရှိတော်မူခဲ့သောကြောင့် လွတ်မြောက်မှု အထိမ်းအမှတ် ကျောက်စာတိုင် တည်ထား တော်မူရာ, ထူးမြတ်လှသော နေရာဌာန ဖြစ်၏။

လက်ရှိပဓာနနာယကဆရာတော် အရှင်အာဒိစ္စ(၁၂၈၉- )သည် ၁၃၃၂-ခုနှစ်မှ စတင်၍ ယနေ့ထိတိုင်အောင် နှစ်ပေါင်း ၄၀-ကျော် ယောဂီများအပေါ်၌ ထက်သန်လှ သော စိတ်စေတနာတို့ဖြင့် သတိပဋ္ဌာန်ဝိပဿနာတရားများကို နည်းစနစ်တကျ ကိုယ်တော်တိုင်ညွှန်ကြားပြသခြင်း, ထိုမျှမက ပြည်တွင်းပြည်ပမဟာစည်သာသနာ့ ရိပ်သာများ၏ ဦးသျှောင်သြဝါဒါစရိယဆရာတော်အဖြစ် ညွှန်ကြားဆောင်ရွက်ခြင်း, စသည်တို့ဖြင့် ပဋိပတ္တိအမွေမြတ်ကို ခံယူတော်မူခဲ့လေသည်။

သတိုးသီရိသုဓမ္မ သူဌေးကြီးဆာဦးသွင်နှင့် သာသနာ့ဒါယကာ ဝန်ကြီးချုပ်ဦးနု တို့ဦးဆောင်၍ ပရိယတ္တိနှင့် ပဋိပတ္တိသာသနာတော်နှစ်ရပ်စလုံးကို အစွမ်းကုန် အမြင့်မားဆုံးချီးမြှောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၃၀၉-ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ သော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက တည်ထောင်ခဲ့သည့် သာသနာ့ရိပ်သာကြီးသည် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအတွက် ပဋိပတ္တိသာသနာတော်ကို ပြည်တွင်း၌သာမက ပြည်ပအထိပါ ကျယ်ပြန့်အောင် ဆောင်ရွက်ခွင့်ရရှိခဲ့သော, ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်မှတဆင့် ဗုဒ္ဓသာသနာတော်ကို ပိုမို၍ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခွင့်ရရှိခဲ့သော, သာသနာတော်အတွက် အထူးအကျိုးများစေသည့် ကျမ်းဂန်ပေါင်း များစွာကို ပြုစုတော်မူခဲ့ရာဖြစ်သော, ကမ္မဋ္ဌာနာစရိယပေါင်းများစွာနှင့် ဓမ္မကထိက ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့သော, ထူးကဲသောဂုဏ်အင်တို့ဖြင့် ထင်ရှားလှသည့် နေရာဌာနကြီးဖြစ်လေသည်။ ဆက်လက်ဖတ်ရှုရန် ...

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

၁၃၁၁-ခုနှစ် နတ်တော်လပြည့်၌ ရန်ကုန်သာသနာ့ရိပ်သာတွင် ပထမဦးဆုံး စတင်အားထုတ်ကြသည့် ယောဂီများမှာ သီလရှင်ဆရာကြီး ဒေါ်ဉာဏစာရီ အမှူးရှိ သော သီလရှင်များ၊ ကြွပန်တန်ဆာမြို့မှ သီလရှင်ကလေးများ၊ ဒေါ်တော်တော်ကြီး၊ ဒေါ်စောခင်၊ ဦးဘိုးသင်၊ ဒေါ်ဒေါ်မွန်တို့မှစ၍ စုစုပေါင်း ၂၅-ဦးမျှသာ ရှိလေသည်။ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ထိုယောဂီတို့အား ရှစ်ပါးသီလကို ဆောက်တည်ကြစေပြီးလျှင် သတိပဋ္ဌာန်တရားပွားများအားထုတ်ရခြင်း၏ အကျိုးတရား ကြီးမားပုံတို့ကို သဒ္ဓါတရားတိုးပွားလာအောင် ဟောကြားတော်မူကာ ဝိပဿနာ အလုပ်ပေးတရားတော်ကြီးကို ယောဂီများ ကိုယ်တွေ့လက်တွေ့ ပွားများအားထုတ်တတ် အောင် ရှုမှတ်ပုံတို့ကို အကျယ်တဝင့် ဟောကြားချီးမြှင့်တော်မူခဲ့လေသည်။

ယောဂီတို့အား ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တရားစိစစ်ချီးမြှင့်တော်မူ၍ ၁၉-ရက်မျှအကြာတွင် မော်လမြိုင်မြို့မှတပည့်ဒကာဒကာမ တို့၏ ပင့်လျှောက်ချက်အရ ၁၃၁၁-ခု ပြာသိုလဆန်း ၅-ရက်နေ့တွင် လေကြောင်း ခရီးဖြင့် မော်လမြိုင်မြို့သကြွို့ကတော်မူသည်။ ရန်ကုန်သာသနာ့ရိပ်သာ၌ ဝိပဿနာတရား ပွားများအားထုတ်လျက်ရှိကြသော ယောဂီများအား တရားစိစစ် စောင့်ရှောက်ကြရန် (မူလ)ရွှေမင်းဝံဆရာတော်ကြီးနှင့် ဆရာကြံတို့ကို တာဝန်ပေးအပ်တော်မူခဲ့ပါသည်။

မော်လမြိုင်မြို့တွင် ဦးသာညှင်းဓမ္မာရုံ၌ (၅)ညဉ့်၊ ဒိုင်းဝန်ကွင်း၌ (၅)ညဉ့်၊ ဈေးကြီးဓမ္မာရုံ၌ (၅)ညဉ့်၊ ပဲခူးချောင်ဓမ္မာရုံ၌ (၂)ညဉ့် ဟောကြား ချီးမြှင့်တော်မူပါ သည်။ ပြန်လည်ရောက်ရှိတော်မူသောအခါ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ပထမပတ်ယောဂီများမှ သမာဓိအားလျော်စွာ ဉာဏ်စဉ်တရား နာကြားသင့်သည့် ယောဂီများကို ဝိသုဒ္ဓိဉာဏ်စဉ်တရားကို ဟောကြားချီးမြှင့်တော်မူပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာကြီးတွင် စတင်၍ ဟောကြားတော်မူသောတရားတော်မှာ ဓမ္မစကြာတရားတော်ကြီး ဖြစ်ပါသည်။ လွန်တော်မူခါနီး နောက်ဆုံးဟောကြားခဲ့သည် မှာလည်း ဓမ္မစကြာ တရားတော်ကြီးပင် ဖြစ်ပါသည်။

ကျေးဇူးရှင်ဆရာတော်ကြီး လွန်တော်မူသည်မှစ၍ တရားအမွေကို ခံယူတော်မူကြကုန်သော သြဝါဒါစရိယ ဆရာတော်များမှာ ဆရာတော်အရှင်သုဇာတ (၁၂၇၁-၁၃၄၄),ဆရာတော်အရှင် ပဏ္ဍိတာဘိဝံသ (၁၂၈၃- ), ပုသိမ်သဒ္ဓမ္မသီတဂူဆရာတော် အရှင်အာစိက္ခဏ (၁၂၆၉-၁၃၅၈), ချမ်းမြအောင်စည်ဆရာတော်အရှင်သံဝရ (၁၂၈၂ - ၁၃၇၁၊ နှောင်းတန်ခူး), ရွှေရေးဆောင်ဆရာတော် အရှင်ပညာသာမိ (၁၂၇၆-၁၃၆၀), ရေဦးဆရာတော်အရှင်ပညာသိပ္ပ (၁၂၈၁-၁၃၆၃), ဓမ္မာနန္ဒဝိဟာရဆရာတော် အရှင် သီလာနန္ဒာဘိဝံသ(၁၂၈၉-၁၃၆၇)နှင့် ပျဉ်းမနားဆရာတော် အရှင်ဇဋိလ (၁၂၉၇-) တို့ဖြစ်ကြလေသည်။