ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ တနေ့တာလုပ်ငန်းစဉ်များ

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဘုရားရှင်ချမှတ်တော်မူခဲ့သော လမ်းစဉ်ဖြစ်သည့် ဂန္ထဓူရ၊ ဝိပဿနာဓူရခေါ် သာသနာ့တာဝန်ကြီးနှစ်ရပ်ကို အမြဲတမ်း ဆောင်ရွက်တော်မူသည်။

  • (၁)
    ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးသည် နံနက်(၃)နာရီတွင် ကျိန်းစက်ရာမှ ထတော်မူ၍ မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူပြီး စင်္ကြံခန်းအတွင်းမှာစင်္ကြံကမ္မဋ္ဌာန်းဖြင့် ရှုမှတ်နေတော်မူသည်။
  • (၂)
    နံနက်(၄)နာရီတွင် နာယကဆရာတော်များ ဝန်ဆောင်ရဟန်းတော်များနှင့် အတူ စံကျောင်းတော်အပေါ်ထပ်ရှိ ဘုရားခန်း၌ ဘုရားဝတ်ပြုခြင်း ပရိတ် ဒေသနာတော်၊ ပါတိမောက်ဒေသနာတော်၊ ပဋ္ဌာန်းဒေသနာတော်တို့ကို သီတင်း တစ်ပတ်အတွင်း အလှည့်ကျရက်စဉ်အားဖြင့် ရွတ်ဖတ်ခြင်း၊ ၎င်းနောက် အရုဏ်တက်ချိန်အထိ ဝိပဿနာတရား ရှုမှတ်ပွားများတော်မူသည်။
  • (၃)
    နံနက်(၅)နာရီ၊ မိနစ်(၃၀)အချိန်တွင် ဆွမ်းစားကျောင်းမှ အုန်းမောင်းထိုးလျှင် စံကျောင်းတော်အောက်ထပ်ဆင်း၍ အလှူရှင်များလှူဒါန်းသော အရုဏ်ဆွမ်း ကို အမှတ်သတိဖြင့် ဘုဉ်းပေးတော်မူသည်။ ဆွမ်းကိစ္စပြီးလျှင် ဆွမ်းအလှူရှင် များအား အနုမောဒနာတရား ဟောကြားတော်မူပါသည်။
  • (၄)
    နံနက် အရုဏ်ဆွမ်းဘုဉ်းပေးပြီးလျှင် (၇)နာရီအထိ အမှတ်သတိဖြင့် အနားယူ တော်မူသည်။
  • (၅)
    နံနက်(၇)နာရီမှစ၍ ပို့ချပြီးသောကျမ်းစာများနှင့် ဟောကြားပြီးသော ဟောစဉ် တရားတော်များကို လက်နှိပ်စက်နှင့် တစ်ခါတည်းမူချောမူသန့်ရိုက်၍ ကျမ်းကြီး ကျမ်းငယ် စာအုပ်များဖြစ်ရန် စာမူပြုစုတော်မူသည်။ ဆရာတော်ဘုရားကြီး သည် စာရိုက်ရာတွင် လက်ညှိုးနှစ်ချောင်းနှင့်သာ ရိုက်သော်လည်း လျင်မြန် သည့်အပြင် အလွန်သန့်ရှင်းတော်မူသည်။ စာကြည့်စာရိုက်ရင်းပင် ရပ်ဝေးရပ်နီးရှိ မြို့ရွာအသီးသီးမှ ဖူးမြော်ရန်ရောက်ရှိလာကြသော တပည့်သာဝက များနှင့် ဝေနေယျတို့အား အနည်းငယ်စီသော ပဋိသန္တာရကထာစကားကိုသာ ဟောကြား၍ ပြန်လွှတ်တော်မူလေ့ရှိသည်။
  • (၆)
    နံနက်(၁၀)နာရီ ဆွမ်းစားကျောင်းမှ အုန်းမောင်းခေါက်သောအခါ စံကျောင်း တော် အောက်ထပ်ဆင်း၍ အလှူရှင်များကပ်လှူသောဆွမ်းကို အမှတ်သတိဖြင့် ဘုဉ်းပေးတော်မူသည်။ ဆွမ်းဘုဉ်းပေးပြီးလျှင် ဆွမ်းအလှူရှင်များအား ထိုက်သင့်သမျှ ဆွမ်းအနုမောဒနာတရားစကားကို ဟောကြားတော်မူ၍ ရေစက်ချပေးတော်မူသည်။
  • (၇)
    နေ့ဆွမ်းဘုဉ်းပေးပြီးလျှင် နေ့(၁၂)နာရီမှ (၁)နာရီထိ အမှတ်သတိဖြင့် အနားယူ တော်မူသည်။ အနားယူသည်ဆိုသော်လည်း တပည့်ဒကာဒကာမများနှင့် အတွေ့မခံခြင်းသာဖြစ်သည်။ အခန်းတွင်းဝယ် ဂန္ထဓူရ၊ ဝိပဿနာဓူရ ဓူရနှစ်ပါး ကိုကား ပြုလုပ်လျက်သာရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံ အခန်းတံခါး မဖွင့် သော်လည်း လက်နှိပ်စက်ရိုက်သံများကိုကား ကြားနေရပေသည်။
  • (၈)
    နေ့(၁)နာရီထိုးလျှင် ဆရာတော်ဘုရားကြီးသည် အခန်းတံခါးကိုဖွင့်၍ ပြုလုပ်မြဲ ဖြစ်သော မပြီးဆုံးသေးသည့် ကျမ်းစာများနှင့် ဟောစဉ်တရားတော်တို့ကို ဆက်လက်၍ ကျမ်းစာအုပ်များဖြစ်ရန် စာမူပြုစုတော်မူရင်း ပြည်တွင်းပြည်ပမှ ရောက်လာကြသော တပည့်ဒကာဒကာမများအား ဒါန၊ သီလ၊ ဘာဝနာများနှင့် နှီးနွယ်သော ပဋိသန္တာရကထာ တရားစကားကိုသာ ထိုက်သည့်အားလျော်စွာ အချိန်အနည်းငယ်စီသာ ဟောကြားတော်မူ၍ ပြန်လွှတ်တော်မူသည်။
  • (၉)
    ညနေ(၅)နာရီထိုးလျှင် ကပ္ပိယဒါယကာမှကပ်လှူသော စတုမဓူနှင့် သံပုရာရည် စသည့် ဖျော်ရည်များကို ဘုဉ်းပေးတော်မူပြီး စံကျောင်းတော်အောက်ထပ်သို့ ဆင်း၍ မြို့နယ်ကျေးရွာအသီးသီးမှ တရားအားထုတ်ရန် ရောက်ရှိလာကြသော ရဟန်းယောဂီ၊ အမျိုးသားယောဂီ၊ သီလရှင်ယောဂီ၊ အမျိုးသမီးယောဂီအသစ် တို့အား ရှစ်ပါးသီလချီးမြှင့်တော်မူ၍ ရှုမှတ်ပုံရှုမှတ်နည်း၊ အားထုတ်ပုံအားထုတ် နည်းတို့ကို ဟောကြားတော်မူသည်။ ယောဂီအသစ်တို့အား ရှစ်ပါးသီလနှင့် ဝိပဿနာအလုပ်ပေးတရားတော် ဟောကြားပြီးသောအခါ တစ်ခါတစ်ရံ၌ ရိပ်သာကြီးတွင်းရှိ ကျောင်းဆောင်အသီးသီးကို နောက်ပါ ပစ္ဆာသမဏရဟန်း နှင့်အတူ လှည့်လည်ကြည့်ရှုတော်မူပါသည်။
  • (၁၀)
    အလုပ်ပေးတရားတော်ဟောကြားပြီး (သို့မဟုတ်) ကျောင်းစဉ်လှည့်လည် ကြည့်ရှုတော်မူပြီးသောအခါ စင်္ကြံအခန်းသို့ဝင်၍ (၇)နာရီ မိနစ်(၃၀)ခန့် အချိန် ထိ အမှတ်သတိဖြင့် စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်ပွားများတော်မူသည်။ စင်္ကြံကမ္မဋ္ဌာန်း ရှုမှတ်ပြီးသောအခါ ဣရိယာပုထ်ပြောင်း၍ မိနစ်(၃၀)ခန့်၊ ည(၈)နာရီအချိန်ထိ အမှတ်သတိဖြင့် လျောင်းစက်၍ ရှုမှတ်ပြီး အနားယူတော်မူသည်။
  • (၁၁)
    ည(၈)နာရီထိုးလျှင် လျောင်းစက်အနားယူရာမှ ထတော်မူ၍ ပြည်တွင်း ပြည်ပသို့ ဓမ္မဒူတခရီးကြွသွားတော်မူစဉ် အနယ်နယ်အရပ်ရပ်မှ သိလို၍ မေးမြန်းကြသော အမေးစာများကို ဖြေကြားပေးခြင်း၊ ပို့ချပြီးသောကျမ်းစာ များနှင့် ဟောကြားပြီးသော တရားတော်များကို စာအုပ်ဖြစ်ရန် စာမူချော ပြုစုတော်မူခြင်း စသည်တို့ဖြင့် အချိန်ကို ကုန်လွန်စေတော်မူသည်။
  • (၁၂)
    ည(၁၀)နာရီထိုးသောအခါ အနီးနေ ပစ္ဆာသမဏရဟန်းတော်အား ပြန်လွှတ် တော်မူ၍ တစ်နေ့တာလုံး ဆောင်ရွက်တော်မူလာခဲ့သော ကျမ်းစာများပြုစုခြင်း၊ မေးစာများဖြေကြားခြင်း၊ ဝိပဿနာတရားဟောကြားခြင်း (ဂန္ထဓူရ၊ ဝိပဿနာ ဓူရ) တို့ကို ခေတ္တရပ်နားတော်မူပြီး အမှတ်သတိဖြင့် ကျိန်းစက်တော်မူသည်။

အထူးဆောင်ရွက်ချက်များ ဆက်လက်ဖတ်ရှုရန် ...

  • လစဉ် လဆန်း၊ လဆုတ် (၇)ရက်နေ့တိုင်း ဉာဏ်စဉ်တရားတော် နာကြားခွင့် ရသော ယောဂီတို့အား ဉာဏ်စဉ်တရားဟောကြားခြင်း။
  • သီတင်းနေ့တိုင်း နံနက်(၈)နာရီအချိန်တွင် အားထုတ်ဆဲယောဂီများနှင့် ဥပုသ် သည်တို့အား (၈)ပါးသီလချီးမြှင့်ပြီး အနုမောဒနာတရား ဟောကြားခြင်း။
  • လပြည့်နေ့တိုင်း နေ့(၁)နာရီအချိန်တွင် အထူးတရားပွဲအဖြစ် အဘိဓမ္မာ တရားတော်၊ သုတ္တန်တရားတော်တို့ကို ဝိပဿနာလုပ်ငန်းစဉ် ပေါ်လွင်စေလျက် ဟောကြားတော်မူခြင်း။
  • လပြည့်၊ လကွယ်နေ့တိုင်း ညနေ(၄)နာရီ မိနစ်(၃၀)အချိန်တွင် သံဃာ့ဥပုသ် ပြုပြီးသံဃာတော်များအား ဝိနည်းနှင့်စပ်၍ သြဝါဒတရား ချီးမြှင့်ပေးတော်မူခြင်း။
  • သီတင်း(ဥပုသ်)နေ့တိုင်း ည(၈)နာရီအချိန်တွင် နာယကဆရာတော်များနှင့် ဝန်ဆောင်သံဃာတော်တို့အား တစ်ပတ်အတွင်းဖြစ်ပေါ်လာသော အကြောင်း အရာများကို အခြေခံ၍ အထူးသြဝါဒပေးတော်မူခြင်း။
  • အားထုတ်ဆဲ ပြည်ပယောဂီများအား အခါအားလျော်စွာ သင့်လျော်သော တရားတော်များကို ဘာသာပြန်ဖြင့် ဟောကြားချီးမြှင့်ပေးခြင်း။
  • အထူးဖြေကြားရန်လိုအပ်ပါက အရေးကြီးသောမေးစာများနှင့် အချိန်မီပြီးစီးလို သော ကျမ်းစာများကို ညဉ့်(၁၂)နာရီ နာရီပြန်(၁)ချက်တိုင်အောင် ရေးသား ဖြေကြား ပြုစုတော်မူခြင်း။