မဟာစည်ပဋိပတ္တိ သာသနာဝင်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

မဟာစည်ပဋိပတ္တိ သာသနာဝင် စာအုပ်အဖုံး (၁၃၃၆ တန်ဆောင်မုန်းလ) (၁၉၇၄)

ဆရာစဉ်ဆက်မှ ဆင်းသက်လာခဲ့သော ဗုဒ္ဓမြတ်စွာသာသနာတော်သည် ယခုသော် လက်ရှိ ဗုဒ္ဓသာသနာဝင် လူရှင်ရဟန်းတော် မထေရ်မြတ်တို့၏ မျက်မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လာခဲ့ပါပြီ၊ ကံကောင်းထောက်မသဖြင့်သာ မိမိတို့ မျက်မှောက်သို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည့်အတိုင်း ရှေးအစဉ် အဆက် နွယ်မပျက်အောင် စောင့်ရှောက်ထိန်းသိမ်းလာတော်မူ ကြသကဲ့သို့ မိမိတို့ကလည်း ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်န် တာဝန်ကား အလှည့်ကျလာခဲ့ပြီဖြစ်ပါသည်။ အလှည့်ကျလာသည့်အတိုင်းလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးလိုသာသနာ့ ရှေ့ဆောင် ကောင်း ပုဂ္ဂိုလ်ကြီးကို လက်ကိုင်မိမိ ရရှိနေကြသည်ဖြစ်သောကြောင့် အားရကျေနပ်ဖွယ်​ကောင်းလှရပေသည်။ ရှေ့ဆောင်ကောင်းဖြစ်တော်မူသောကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးကဲ့သို့သော ဆရာတော် ဘုရားကြီးကို ယခုအခါရရှိနေကြရပြန်ပြီဖြစ်သည့်အလျောက်နောက်လိုက်ကောင်းတို့လည်း အသင့်ပင် ပြည့်ပြည့်စုံစုံ ဖြစ်လျက်ရှိသည်ကို မျက်မှောက်ထင်ထင် တွေ့မြင်နေကြရသဖြင့် ဗုဒ္ဓသာသနာဝင် သူတော်စင်တို့စိတ်နှလုံးဝယ် ရွှင်ပြုံးနှစ်သိမ့် ကျေနပ်လျက် ရှိနေကြရပါသည်။ အရှင်မဟာကဿပ စသော ရှေးအာဇာနည် အရိယာမထေရ်မြတ်ကြီးတို့ ခေတ်ကဲ့သို့ တခေတ်တခေတ်တွင် အသစ်အသစ်အားတက်ဖွယ် ပေါ်ထွက်လာတတ်သော သာသနာတော်ခေတ်တို့တွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ လက်ထက် ဤခေတ် ဤအခါသည်လည်း တခေတ်တခါ အပါအဝင်ဖြစ်နေပေရာ အင်မတန်ဝမ်းမြောက်ဖွယ် ကောင်းသော ခေတ်အခါပင်ဖြစ်ပါသည်။

ပရိယတ် ပဋိပတ်နှစ်ရပ်ဖြစ်သော ဗုဒ္ဓမြတ်စွာ သာသနာတော်ရောင်မှာ ဤခေတ်တွင် လွန်စွာပင် ထွန်းလင်းတောက်ပလျက်ရှိနေပါသည်။ ထိုသာသနာတော်နှစ်ရပ် တောက်ပနေသည်ဆိုပါလျှင် လူတို့သွားရာ အရိပ်ပါသကဲ့သို့ ပဋိဝေဓ သာသနာတော်မှာလည်း မလွဲမသွေ ထွန်းလင်းတောက်ပလာရမည်သာဖြစ်ပါသည်။ ပရိယတ်သည် ကန်ဘောင် ကန်သင်းနှင့်တူပါသည်၊ ပဋိပတ်သည် ရေနှင့်တူပါသည်၊ ပဋိဝေဓသည် ကြာနှင့်တူပါသည်။ ယခုအခါ ပရိယတ်တည်းဟူသော ကန်ဘောင် ကန်သင်းမှာလည်း မကျိုးမပျက် အင်မတန် ကောင်းလျက်ရှိနေပါသည်၊ ပဋိပတ်တည်းဟူသော ရေသည်လည်း ခိုင်ခန့်သော ကန်ဘောင်ကန်သင်း အတွင်းဝင် ကောင်းစွာ တည်လျက်ရှိနေပါသည်။ ထိုပဋိပတ်တည်းဟူသောရေတွင် ဖြစ်ထွန်းပေါက်ရောက်နေသည့် ပဋိဝေဓတည်းဟူသော ကြာမှာ အဘယ်သို့လျှင် ကားကားစွင့်စွင့် မပွင့်ဘဲ ရှိပါမည်နည်း။ ငွါးငွါးစွင့်စွင့် ပွင့်ရမည်မှာသေချာလှပါသည်။

မျက်မှောက်ရှိ ဗုဒ္ဓသာသနာဝင်သူတော်စင်တို့သည် ကံကောင်းသူတို့သာ ဖြစ်ပါသည်။ ဤသို့သော ခေတ်ကောင်း အခါကောင်းကို အခါခပ်သိမ်း တွေ့နိုင်ကြသည်မဟုတ်ပါ။ ယခုသော် ကံကောင်းထောက်မ သဖြင့် ဤသို့သော ခေတ်ကောင်းအခါကောင်းတို့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ကြုံလျက် ရှိနေကြပါသည်။ လ မှာကား ထိန်ထိန်ဝါအောင် သာနေပါသည်။ ဗိုင်းငင်ကြရန်သာ လိုပါသည်။

ဤသို့သော ခေတ်ကောင်းအခါကောင်းကို မှတ်တမ်းများတွင် ချန်လှပ်ထားခဲ့ရန် မသင့်တော်ပါ။ ဗုဒ္ဓသာသနာဝင်တို့ ကြည်ညိုနိုင်ကြရန်နှင့် ကောင်းမှုကုသိုလ် ပွါးတိုးကြစေရန် သမိုင်းဝင်မှတ်တမ်း တင်ထားရမည်သာဖြစ်ပါသည်။ ဗုဒ္ဓသာသနာဝင်တို့ ကြည်ညိုနိုင်ကြစေရန်ကိုလည်းကောင်း၊ ကုသိုလ်တရား တိုးပွါးစေရန်ကိုလည်းကောင်း၊ ရည်ရွယ်ယိုးယွင်း နှလုံးသွင်းရှိသည်အတိုင်း ဤ (မဟာစည် ပဋိပတ္တိ သာသနာဝင်)ကို မှတ်တမ်းတင်ကြရခြင်းဖြစ်ပါသည်။ ဤ (မဟာစည်ပဋိပတ္တိ သာသနာဝင်)ကို တွေ့မြင်ကြသူ ပညာရှိသူတော်ကောင်း အပေါင်းတို့သည် ကြည်ညိုသောစိတ်ထား ကောင်းမြတ်သော သဒ္ဓါတရားဖြင့် ကုသိုလ်တရား တိုးပွါးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းဆိုရင်း ဤ သာသနာဝင် နိဒါန်းကို အဆုံးသတ်လိုက်ရပါသတည်း။

ဦးသံဝရ
သာသနဓဇ သိရီပဝရဓမ္မာစရိယ
မဟာစည်ဓမ္မကထိကအဖွဲ့ အကျိုးတော်ဆောင်ချုပ်
ကောဇာ ၁၃၃၆ ခုနှစ်၊ သာသနာတော် ၂၅၁၈ ခုနှစ်။