ကိုယ်တိုင်ထုတ်ဖော်ရေးသားသော ထေရုပ္ပတ္တိ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

သက်တော် ၆၁ နှစ်အရွယ်ပတ်ဝန်းကျင်

မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၃-ရက်နေ့မှ စ၍ ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို မဟာဋီကာနှင့်တွဲဖက်၍ နေ့စဉ် တနာရီခွဲ နှစ်နာရီခန့် မပြတ်ချပို့တော်မူခဲ့လေသည်၊ စာဆိုပုဂ္ဂိုလ်မထားပဲ အနက်အဓိပ္ပါယ် သဘောပေါက်လောက်အောင် ရှင်းပြပြောကြားပြီး နိဿယအနက် သက်သက် ချပို့တော်မူလေသည်၊ ပါဠိအနက်များကို စာလိုက်သူတပည့်များက လက်နှိပ်စက်ဖြင့် နေ့စဉ် မှန်မှန်ရိုက်သဖြင့် နိဿယစာမူကြမ်း ဖြစ်ပေါ်လာခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ထိုစာမူကြမ်း ကိုအထပ်ထပ် ကြည့်ရှုပြင်ဆင် အဆုံးအဖြတ် အမှာစကားများ ထည့်သွင်းပြီးလျှင်နိဿယ စာမူချော အဖြစ် လက်နှိပ်စက်ဖြင့် ပြန်လည်ရိုက်နှိပ်စေတော်မူခဲ့လေသည်၊ယင်းစာမူချောကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ရာ သက္ကရာဇ်၁၃၃၀-ခုနှစ်လောက်တွင် သာသနာတွင် မပေါ်ဖူးသည့် ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီး ပေါ်ထွက်လာလေသည်။

ဆရာတော်ဘုရားကြီးသည် ဤဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီး အဆုံးတွင် ကိုယ်တော်တိုင် ထေရုပ္ပတ္တိကို သမိုင်းကြောင်းစုံလင်စွာ ၂၅-ဂါထာပါဌ်နိဿယတို့ဖြင့် ဖော်ပြ ခဲ့ပါသည်။

ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်ရေးသားထားသည့် ဤထေရုပ္ပတ္တိတွင် ကိုယ်တော်တိုင်၏ ပရိယတ္တိ၊ ပဋိပတ္တိသာသနာကို ရွက်ဆောင်တော်မူခဲ့ပုံ၊ ဆဋ္ဌသံဂါယနာဆောင်ရွက်ပုံ နှင့် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယကျမ်းကြီးကိုပြုစုပုံများနှင့် ဤဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကြီးကို တတ်စွမ်းနိုင် သူတို့မှမှန်ကန်တိကျအောင်ဖြည့်စွက်လုပ်နိုင်ပါလျှင်လည်းလုပ်နိုင်ပါရန်တောင်းပန်စကားကိုလည်း နှိမ်ချလေးစားစွာထည့်သွင်းထားသည်ကိုတွေ့ရပေမည်။