မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်တော်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်သူရိယ (၁၂၄၁ - ၁၃၃၇)သည် “မဟာစည်ဆရာတော်က တို့များထက် ဉာဏ်သာတယ်။ တို့များ မမြင်တဲ့ စာမှားပေမှားများကို မြင်အောင်ကြည့်နိုင်တယ်။ အရှင်အနုရုဒ္ဓါတို့, ဋီကာကျော်ဆရာ အရှင်သုမင်္ဂလာသာမိတို့, အခြားကျမ်းပြုဆရာတော်တို့ မမြင်တဲ့အမှားများကိုတောင် မြင်အောင်ကြည့်နိုင်တယ်။ သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ နာမ်, ရုပ်တို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်ဖြင့် ပိုင်းခြားသိရမည်ဆိုရာ ပဒဋ္ဌာန်ကို ဒိဋ္ဌိဝိသုဒ္ဓိ အခန်းမှာမဆိုသင့်သေးဘဲ ကင်္ခါဝိတရဏဝိသုဒ္ဓိအခန်းမှာမှ ဆိုသင့်ကြောင်းကို ဆဋ္ဌ သင်္ဂါယနာတင်စဉ်က မဟာစည်ဆရာတော်က ထောက်ပြခဲ့တယ်။

ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာတဲ့သူကိုမပြောနဲ့၊ တန်းတူပုဂ္ဂိုလ်ကို တောင် တွေ့ရဖို့မလွယ်ဘူး။ မဟာစည်ဆရာတော်ရဲ့ စွမ်းရည်သတ္တိကိုသိလို့လည်း ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယပြုစုဖို့ တို့များကတိုက်တွန်းရတယ်” စသည်ဖြင့် ချီးမြှောက် တော်မူခဲ့လေသည်။

မြန်မာနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့(၁၃၁၇)နှင့် အဘိဓဇမဟာရဋ္ဌဂုရု(၁၃၅၉) ဘွဲ့ထူးများ ချီးမြှင့်ခြင်းကိုခံယူတော်မူခဲ့သော, ကျမ်းပေါင်း ၅၀-ခန့်ပြုစုတော်မူခဲ့သော, စာပေပါရဂူဘွဲ့ရ သီရိလင်္ကာနိုင်ငံ ဝိဇ္ဇောဒယတက္ကသိုလ်ကြီး၏ပါမောက္ခ အရှင်အာနန္ဒာ မေတ္တေယျ(၁၂၅၈-၁၃၆၀)သည် မဟာစည်ဆရာတော်ကြီးအား များစွာချီးကျူးတော်မူ ခဲ့သည်။ “ငါ့ရှင် ငါ့ရှင်တို့ရဲ့မြန်မာပြည်မှာ မဟာစည်ဆရာတော်ဟာ ဝိနည်းသိက္ခာပုဒ် တို့၌ လေးစားသည်၊ အဋ္ဌကထာ, ဋီကာနှင့်တကွ ပိဋကတ်သုံးပုံ ပါဠိတော်ဆောင်ပုဂ္ဂိုလ် ဖြစ်သည်၊ ပါဠိတော်, အဋ္ဌကထာ, ဋီကာများ၌ မေးလိုက်လျှင် ခဏချင်းဖြေနိုင်သည်” စသည်ဖြင့် သီရိလင်္ကာမှဝိဇ္ဇာဂုဏ်ထူးဘွဲ့ရ ကျမ်းပြုအကျော် ပခုက္ကူဆရာတော် အရှင် ကေလာသ(၁၂၉၂-၁၃၅၄)အား မိန့်တော်မူခဲ့လေသည်။

အဘယာရာမရွှေဂူတိုက် ဂဏဝါစက, သာသနဓဇသိရီပဝရဓမ္မာစရိယ, သကျ သီဟဓမ္မာစရိယ, ဘာသန္တရကောဝိဒ, တိပိဋကပါဠိ-မြန်မာအဘိဓာန်ကျမ်းပြုဆရာတော် အရှင်သီလာနန္ဒာဘိဝံသကမူ “ပါဠိတော်သင်္ဂါယနာ အမေးအဖြေပြုစဉ် မဟာစည် ဆရာတော်၏စွမ်းရည်မှာ ပေါ်သင့်သလောက်မပေါ်သေးဟုဆိုရမည်ဖြစ်၏။ အဋ္ဌကထာ သင်္ဂါယနာစိစစ်ခန်း၌ကား တစ်ပါးတည်း အစွမ်းပြရသောအလုပ် ဖြစ်လေသည်။ အဋ္ဌကထာစိစစ်ခန်းကျမှ မဟာစည်ဆရာတော်၏ စွယ်စုံစွမ်းရည်မှာ ထင်ထင်ရှားရှား ပေါ်လာလေတော့သည်။ မဟာသမုဒ္ဒရာရောက်မှ ယူဇနာ ၅၀ဝ-ရှိသည့် ငါးကြီးများ အလိုရှိသည့်အတိုင်း သွားလာပျော်မြူး ကျက်စားနိုင်သလိုဖြစ်တော့သည်။

အဋ္ဌကထာစိစစ်ခန်းကို ကြားနာကြရမှပင် စာတတ်ဆရာတော်များလည်း မဟာစည်ဆရာတော်၏အရည်အချင်းကို အမှန်အတိုင်းတစိတ်တဒေသအားဖြင့် သိခွင့် ရသွားကြတော့သည်။ အချုပ်အားဖြင့်ဆိုရလျှင် မဟာစည်ဆရာတော်သည် အဋ္ဌကထာ တို့ကို ဤသို့စိစစ်ရသည်ဟု နောင်လာနောက်သားတို့အား နည်းပေးလမ်းညွှန်ပြသ နေသော မီးရှူးသဖွယ် ဖြစ်ပါတော့သည်” ဟူ၍ချီးကျူးပူဇော်ခဲ့လေသည်။ ဆက်လက်ဖတ်ရှုရန် ...

မဟာစည်ဆရာတော်ကြီးသည် ပြည်ပသာသနာပြုလုပ်ငန်းကို ဆဋ္ဌသင်္ဂါယနာ အကြိုခေတ်မှာ စတင်ခဲ့လေသည်။ နိုင်ငံတော်အစိုးရသည် လွတ်လပ်ရေးရရှိပြီးသည်မှ စ၍ ဆဋ္ဌသင်္ဂါယနာတင်ရန် စီမံခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင်သောအခါလည်း ရှေး သင်္ဂါယနာများထက် ထူးခြားအောင် တင်လိုကြသည်။ ရှေးသင်္ဂါယနာများကို တိုင်းပြည် တစ်ခုတည်းမှ သံဃာများကသာ တင်ခဲ့ကြသည်။ ယခု ဆဋ္ဌသင်္ဂါယနာ၌မူ မြန်မာ သံဃာများသာမကဘဲ၊ အခြားထေရဝါဒနိုင်ငံများမှ သံဃာတော်များ ပါဝင်ဆောင်ရွက် စေလိုသည်။ မြန်မာနိုင်ငံ၏ သင်္ဂါယနာမဟုတ်ဘဲ၊ ထေရဝါဒ ၅-နိုင်ငံတို့ စုပေါင်းတင် သော ထေရဝါဒသင်္ဂါယနာဖြစ်စေလိုကြသည်။ ထိုသို့ဖြစ်ရန်မှာလည်း ထိုင်းစသော ထေရဝါဒနိုင်ငံများမှ အစိုးရတို့နှင့် သံဃာတော်တို့က ကူညီပါဝင် ဆောင်ရွက်မှသာ ဖြစ်နိုင်မည်။ ထို့ကြောင့် ဆဋ္ဌသင်္ဂါယနာ၏ ရှေ့ပြေးလုပ်ငန်းတစ်ခုမှာ အခြားသော ထေရဝါဒနိုင်ငံများကို စည်းရုံးရေးပင် ဖြစ်သည်။


ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ၁၃၁၄-ခုနှစ် (၁၉၅၂)တွင် ဆဋ္ဌသင်္ဂါယနာ စည်းလုံးရေး သာသနာ့မစ်ရှင်တစ်ခုကို ထိုင်းနိုင်ငံသို့ စေလွှတ်လေသည်။ ထိုအဖွဲ့တွင် သံဃာတော်များဘက်မှ ညောင်ရမ်းဆရာတော်ဘုရားကြီးနှင့် မဟာစည်ဆရာတော်တို့ ပါဝင်၍ လူပုဂ္ဂိုလ်များဘက်မှ ဆရာတော်တို့၏စကားပြန်အဖြစ် ရွှေပြည်တော် ဦးတင် နှင့် ကပ္ပိယအဖြစ် ပါလီမန်အတွင်းဝန် ဦးသန်းစိန်တို့ပါဝင်ကြသည်။ ညောင်ရမ်း ဆရာတော်ဘုရားကြီး ဦးဆောင်သော ထိုလေးဦးအဖွဲ့သည် ၁၃၁၄-ခုနှစ်၊ သီတင်းကျွတ် လဆုတ် ၆-ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာလေသည်။

မဟာစည်ဆရာတော်ဘုရားကြီး ဆဋ္ဌသင်္ဂီတိပုစ္ဆကအဖြစ် သမိုင်းဝင် တာဝန် ထမ်းဆောင်တော်မူခဲ့ရသော ဆဋ္ဌသင်္ဂါယနာတင်ခြင်း၏ အကျိုးကျေးဇူးများကိုသိလျှင် ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်ရည်များကို ပိုပြီးသိမြင်နိုင်မည်ဖြစ်၍ ဆဋ္ဌသင်္ဂါ ယနာတင် သမိုင်းကျဉ်းကို သိနိုင်ရန် တင်ပြလိုပါသည်။

ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပရန် အဘယ့်ကြောင့် စိတ်ကူးဖြစ်ပေါ်ခဲ့ကြပါသနည်း။ အမေရိကန်၊ အင်္ဂလန်၊ အိန္ဒိယစသော ကမ္ဘာ့နိုင်ငံများမှ ငြိမ်းချမ်းရေးကို လိုလားကြသောသူများသည် မြတ်ဗုဒ္ဓ၏တရားတော်ကို သိလို၊ ကျင့်လိုကြသဖြင့် ကမ္ဘာ့ ဗုဒ္ဓဘာသာညီလာခံများတွင် မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များထံမှ “ဘာသာ လက်ဆောင် ပေးနိုင်က ပေးခဲ့ပါ”ဟု တောင်းခံလာကြသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာသူကမ္ဘာသားများအား ဗုဒ္ဓဘာသာတရား လက်ဆောင်ပေးလိုသောကြောင့် သင်္ဂါယနာတင်ရန် စိတ်ကူးဖြစ်ပေါ်ခဲ့ကြပါသည်။

ပိဋကတ် ပါဠိတော်များကို အင်္ဂလိပ်ဘာသာပြန်ပြီးပေးလိုက်လျှင် ဖြစ်ပါလျက် အဘယ်ကြောင့် ဆဋ္ဌသင်္ဂါယနာ တင်ခဲ့ကြရပါသနည်း။ ပေထက်၊ ကျောက်ထက် အက္ခရာခေတ်မှ စာအုပ်ခေတ်သို့ ရောက်လာသောအခါ စာပုံနှိပ်စက်၊ စာပြင်ဆရာ များ၏ အားနည်းမှုကြောင့် ပိဋကတ်ကျမ်းစာများမှ အချို့သောစာလုံးများသည် လွဲချော် နေပြီး စာအုပ်တစ်အုပ်နှင့်တစ်အုပ် မတူညီသည်များရှိနေသဖြင့် မည်သည့်စာအုပ်က မှန်သည်၊ မည်သည့်စာအုပ်ကဖြင့် မှားသည်”ဟူ၍ တစ်ဦးတစ်ဖွဲ့အနေဖြင့် မဆုံးဖြတ် နိုင်။ ထိုသို့ဖြစ်နေသော ပါဠိတော်(မြန်မာစာ)ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ဘာသာလက်ဆောင်ပေးရန် မဖြစ်နိုင်သောကြောင့် (ထေရဝါဒနိုင်ငံများမှ သံဃာတော် များအားလုံး အသိမှတ်ပြုလက်ခံသော ပိဋကတ် ကျမ်းဂန်ပါဠိတော် မူမှန်များ ရှေးဦးစွာ ရရှိရန်) ဆဋ္ဌသင်္ဂါယနာ တင်ခဲ့ကြရပါသည်။

ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ပိဋကတ်ကျမ်းဂန်ပါဠိများကို မူမှန်တစ်မျိုးတည်း ဖြစ်စေရန် မည်သို့ ဆောင်ရွက်ခဲ့ကြသနည်း။ ထေရဝါဒ ၅-နိုင်ငံမှ ဆရာတော်များသည် စည်းဝေးတိုင်ပင် ညီညွတ်စွာဖြင့် ပိဋကတ်ပါဠိတော်များ အမှားမပါရှိစေရန်

  • (၁)
    နယ်များတွင် (သ.စ.အ နှင့်မူလ) ဓမ္မာစရိယဘွဲ့တစ်မျိုးမျိုးရ မြန်မာရဟန်းတော် ၁၁၈၇ - ပါးဖြင့် ဖွဲ့ထားသော မူလဝိသောဓကအဖွဲ့ ၁၁၆-ဖွဲ့က နိကာယ်ငါးရပ် ပိဋကတ် ပါဠိတော်များကို ၁၁၆-ပိုင်းခွဲ၍ ၁-ဖွဲ့ ၁-ပိုင်းစီ ရှေးဦးစွာ သုဓ်သင်ပြင်ဆင်ခြင်း၊ သီဟိုဠ် ရဟန်းတော် ၁၈၅-ပါးက ၃၇-ဖွဲ့ဖြင့် သီဟိုဠ်မူကို သုဓ်သင်ခြင်း။ ထိုင်း သံဃရာဇာက ထိုင်းနိုင်ငံတွင် သုဓ်သင်ပုံနှိပ်ထားသော ထိုင်းမူ ပိဋကတ်တော်ကို ပေးပို့ခြင်းတို့ ပြုလုပ်ကြသည်။
  • (၂)
    မူလဝိသောဓကအဖွဲ့က သုဓ်သင်ထားသော ကျမ်းဂန်များကို နယ်များမှ ရွေးချယ်စေလွှတ်သော မြန်မာဆရာတော်များ၊ သီဟိုဠ်သံဃအဖွဲ့မှ ရွေးချယ်စေလွှတ်သော ဆရာတော်များ၊ ထိုင်းသံဃရာဇာမှ ရွေးချယ်စေလွှတ်သော ဆရာတော်များ အားဖြင့် ၃-နိုင်ငံမှ စုစုပေါင်း ၂၅၀-ပါးဖြင့် ဖွဲ့ထားသော ပဋိဝိသောဓကအဖွဲ့က ထပ်မံ၍ သုဓ်သင်တည်းဖြတ်ခြင်း။
  • (၃)
    ပဋိဝိသောဓကအဖွဲ့က သုဓ်သင်တည်းဖြတ်ပြီးသော ပိဋကတ်စာမူများကို သင်္ဂါယနာဝန်ဆောင်သံဃအဖွဲ့က ရွေးချယ်ထားသော မဟာစည်ဆရာတော်၊ ဝိဇ္ဇာလင်္ကာရဆရာတော်၊ ဗားကရာဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်၊ သီဟိုဠ်ဆရာတော် ပေါင်း ၅-ပါးဖြင့် ဖွဲ့စည်းထားသော သြသာနာ သောဓေယျပတ္ထပါဌကအဖွဲ့က နောက်ဆုံးအပြီးသတ် သုဓ်သင်တည်းဖြတ် အတည်ပြု ပြီးလျှင် သင်္ဂါယနာတင်ရန် ပုံနှိပ်ကြပါသည်။

သင်္ဂါယနာတင်ပွဲသို့ ကြွရောက်လာကြသော ထေရဝါဒ ၅-နိုင်ငံမှ သံဃာ့ ကိုယ်စားလှယ်များ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဗီယက်နမ်နိုင်ငံတို့မှ ထေရဝါဒ သံဃာတော်များ၊ စုစုပေါင်း သံဃာတော် ၁၂၀ဝ-ကျော်ပါဝင်သော ဘာဏကအဖွဲ့ ၁၀၂-ဖွဲ့က မိမိတို့အဖွဲ့အတွက် တာဝန်ပေးအပ်ခြင်းခံရသော ပိဋကတ်ကျမ်းဂန် မူမှန် ပါဠိတော်များကို ပါဌကရဟန်းတော်များနှင့်တွဲဖက်ကာ စုပေါင်းရွတ်ဆိုကြခြင်းဖြင့် ဆဋ္ဌသင်္ဂါယနာတင် မူမှန်ပါဠိကျမ်းဂန်များ (ဝါ) ဆဋ္ဌမူပါဠိတော်(အဋ္ဌကထာ၊ ဋီကာ)များ ကို တစ်မျိုးတည်းဖြစ်စေရန် ဆောင်ရွက်ခဲ့ကြပါသည်။

မဟာစည်ဆရာတော်ဘုရားကြီးသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ပုစ္ဆကအဖြစ်သာ သာသနာ့သမိုင်း တွင်ခဲ့သည် မဟုတ်ပေ။ သင်္ဂါယနာတင်ပွဲမစမီ ၁၃၁၂-ခုနှစ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် မိမိနေအိမ်တွင် သီရိမင်္ဂလာပရိတ်တော်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရန် ဆွေးနွေးကြစဉ်အခါ၌

  • (၁)
    ဆဋ္ဌသင်္ဂါယနာစီမံကိန်း၊
  • (၂)
    ပိဋကတ် တော် မြန်မာပြန်စီမံကိန်းနှင့်
  • (၃)
    ပိဋက ၃-ပုံ ပါဠိမြန်မာ အဘိဓာန်ကျမ်းကြီးများ ရေးသားရန် စီမံကိန်းများကိုရေးဆွဲလျက် ၄င်းလုပ်ငန်းများကို ဆောင်ရွက်ရန် ဗုဒ္ဓ သာသနာရေးဆိုင်ရာ လူပုဂ္ဂိုလ်များအား မှာကြားသဖြင့် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ သည် မဟာစည်ဆရာတော်ဘုရားကြီးအပါအဝင် ဆရာတော်ကြီး ၄-ပါး ဦးဆောင် သည့် အဘိဓာန်စနစ်ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။

ပါဠိစာပေလောက၌ လွန်စွာ ကျေးဇူးများလှသော တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းစာအုပ်ကြီးများ ရေးသားထုတ်ဝေနိုင်ရေးအဖွဲ့တွင် မဟာစည်ဆရာတော် ဘုရားကြီးသည် အရေးကြီးလှသည့် ပုဒ်၊ ဗျည်း၊ အနက်၊ အဓိပ္ပါယ်အဆုံးအဖြတ်စသည့် လေးနက်ပြီး သိမ်မွေ့လှသည့် ပြဿနာများ၌ အမှန်အကန်ဖြစ်အောင် တိတိကျကျ ပြတ်ပြတ်သားသား ပြည့်ပြည့်စုံစုံ နည်းလမ်းညွှန်ပြပေးရသည့် ‘ပဓာနဥပဒေသက တာဝန်’ကို ယူခဲ့ရလေသည်။ သို့ဖြစ်၍ အဘိဓာန် အတွဲ-၁၊ စာ-၈၃ တွင် ‘၂။ မဟာစည်ဆရာတော်သည် ပဒ-ဗျဉ္စန-အတ္ထ ဝိနိစ္ဆယစသည်နှင့် စပ်လျဉ်းသော ဂမ္ဘီရ၊ နိပုဏပြဿနာများ၌ တိတိကျကျ၊ ပြတ်ပြတ်သားသား၊ ပြည့်ပြည့်စုံစုံ နည်းလမ်းညွှန်ပြ သည်”ဟူ၍ သမိုင်းမှတ်တမ်း တင်ထားလေသည်။

“တောင်ဇလပ် စန္ဒကူးပန်းတို့၏ရနံ့သည် မပြောပလောက် အနည်းငယ်သာ ဖြစ်သည်၊ သီလရှိသူတို့၏ သီလအနံ့သည်သာ ထူးကဲသာလွန်သည်ဖြစ်၍ နတ်ပြည်တိုင်ထိ ကြိုင်လှိုင်ဘိ၏” ဟူသည်နှင့်အညီ မဟာစည်ဆရာတော်ဘုရား သီလရှိသည်, သမာဓိရှိသည်, ပညာရှိသည်, ရဟန်း, ရှင်, လူမရွေး ပုဂ္ဂိုလ်အားလုံးတို့အား တရားဓမ္မ ကောင်းစွာပြသညွှန်ကြားနိုင်သည်၊ အို, နာ, သေရေး ဒုက္ခဘေးမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း သတိပဋ္ဌာန်တရားကောင်းကို ပြသတော်မူသည်စသဖြင့် သတင်း ကောင်းအရပ်ရပ်သည် မြန်မာပြည်တွင်မဆန့်၍ နိုင်ငံအရပ်ရပ်သို့ အံထွက်ပျံ့နှံ့ခဲ့ လေသည်။

သို့ဖြစ်၍ သတိပဋ္ဌာန်နည်းစနစ်များ၌ စိတ်ပါဝင်စားသော နိုင်ငံအရပ်ရပ်မှ နိုင်ငံခြားသားများသည် မဟာစည်ဆရာတော်ထံ လာရောက်ကြကာ ဆရာတော် ညွှန်ကြားသည့်အတိုင်း အားထုတ်လျက်ရှိကြလေသည်၊ ယင်းပုဂ္ဂိုလ်များထဲတွင် ဂျာမန် ရဟန်းတော် အရှင်ဉာဏပေါဏိကနှင့် အင်္ဂလိပ်လူမျိုး ဒေါက်တာအီဂရေဟမ်ဟောင်း ဆိုသူတို့လည်း ပါလေသည်၊ ဒေါက်တာအီဂရေဟမ်ဟောင်းသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)တွင် အရှင်ဉာဏပေါဏိကနှင့် တွေ့ဆုံမိလေရာ ထိုအရှင့်ထံမှ သတိပဋ္ဌာန် နည်းများကို ကြားနာလေ့လာ၍ ထိုအရှင်မြတ်၏မိတ်ဆက်ပေးမှုဖြင့်ပင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ မဟာစည်ဆရာတော်ထံသို့ လာရောက်၍ တရားအားထုတ်ခဲ့လေ သည်၊ ယင်းသို့ တရားအားထုတ်ရာ လွန်စွာကျေနပ်မှုရရှိခဲ့လေသည်၊ အရှေ့တိုင်း၌ ပေါ်ထွန်းခဲ့သော ဤသတိပဋ္ဌာန်နည်းသည် အနောက်တိုင်းသားတို့အဖို့လည်း နည်းတူ ပင် ကျေးဇူးပြုနိုင်သော နည်းကောင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့လေသည်။

အရှင်ဉာဏပေါဏိကလည်း မဟာသတိပဋ္ဌာန်သုတ်ကို အခြေခံ၍ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းအကြောင်း ကျမ်းစာအုပ်များ ရေးသားပြုစီရင်တော်မူခဲ့လေသည်၊ ယင်းကျမ်းစာ၌ အရှင်ဉာဏပေါဏိကလည်း မဟာစည်ဆရာတော်၏ နည်းစနစ်များ အကြောင်းကိုပါ ထည့်သွင်း၍ ရေးသားတော်မူခဲ့လေသည်၊ ထိုကျမ်းစာနိဒါန်းကို ဒေါက်တာအီဂရေဟမ်ဟောင်းက ရေးသားခဲ့လေသည်၊ ထိုကျမ်းစာကို ဆဋ္ဌသင်္ဂါယနာ အမီ ၁၉၅၄-ခုနှစ် မတ်လတွင် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)၌ ထုတ်ဝေခဲ့လေသည်၊ ထိုကျမ်းစာ၏ကျေးဇူးကြောင့် မဟာစည်ဆရာတော်ဘုရား၏ သတိပဋ္ဌာန်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပို၍သိလာလေသည်။

ယင်းသို့ ကမ္ဘာကအာရုံစိုက်နေခိုက်တွင် သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံသို့ ဝိပဿနာ သာသနာပြုရန် ကမ္မဋ္ဌာနစရိယတပါး စေလွှတ်ပါရန် သီဟိုဠ်အစိုးရက မြန်မာနိုင်ငံ ဝန်ကြီးချုပ်ထံ စာရေးခဲ့လေသည်၊ သို့ဖြစ်၍ ဝန်ကြီးချုပ်သည် သီဟိုဠ်ကျွန်း၌ ဝိပဿနာ သာသနာပြုပါရန် မဟာစည်ဆရာတော်အား လျှောက်ထားလေသည်၊ ထိုအချိန်မှာ ဆဋ္ဌသင်္ဂါယနာ တင်နေချိန်ဖြစ်၍ ကျမ်းစာသုဓ်သင်ခြင်းကိစ္စ, သင်္ဂီတိပုစ္ဆကကိစ္စစသော ကိစ္စတာဝန်တွေ များနေရကား မဟာစည်ဆရာတော်ဘုရားသည် သီဟိုဠ်ကျွန်းသို့ ကိုယ်တိုငကြွ်ကရောက်တော်မမူနိုင်ပါချေ၊ သို့ဖြစ်၍ ဆရာတော်သည် စိတ်ချယုံကြည်ရသော တပည့်ကြီးများဖြစ်ကြသော အရှင်သုဇာတ, အရှင်ဥတ္တရာဘိဝံသ, အရှင်ဇဝန မထေရ်တို့ကို ၁၃၁၇-ခုနှစ်တွင် သီဟိုဠ်ကျွန်းသို့ ဝိပဿနာသာသနာပြု စေလွှတ်တော် မူခဲ့လေသည်။

ပခုက္ကူဆရာတော် အရှင်ကေလာသ ရေးသားပြုစုသော မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရဝုတ္တန္တဝိလာသိနီ ကျမ်းမှ ကောက်နုတ်ဖော်ပြလိုပါသည်။

ဆရာတော်ဘုရားကြီး၏ အလုပ်လုပ်တော်မူပုံမှာ သာမန်ပုဂ္ဂိုလ်များအနေဖြင့် မယုံနိုင်လောက်အောင်ပင် ဖြစ်သည်၊ ဤစာပြုသူသည် ဆဋ္ဌသင်္ဂါယနာ၌ အစအဆုံး ပါဝင်ခဲ့သူဖြစ်ရာ ဆရာတော်ဘုရားကြီး၏ လုပ်ဆောင်တော်မူပုံမှာ ကိုယ်တွေ့မျက်မြင် ဖြစ်လေသည်၊ ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့မှစ၍ ၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၁၀-ရက်နေ့အထိ ပါဠိပိဋက စာအုပ်ပေါင်း ၄၀-ကို သန္နိပါတ ၅-ကြိမ်ခွဲ၍ သင်္ဂါယနာ တင် တော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ထိုစဉ်က အများသိကြသည့်အတိုင်း ဆဋ္ဌသင်္ဂီတိပုစ္ဆကတာဝန်ကို ဆောင်ရွက်တော်မူခဲ့သည်သာမကပဲ ယင်းပါဠိတော် စာအုပ်ပေါင်း ၄၀-ကို နောက်ဆုံးသုတ်သင် ပြင်ဆင်တော်မူ၍လည်း သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူခဲ့လေသည်၊ သင်္ဂါယနာတင်ချိန် သန္နိပါတမဟုတ်သောအခါတွင် များသောအားဖြင့် ကမ္ဘာအေးဇမ္ဗူဒီပကျောင်းဆောင် သြသာနသောဓကရုံးခန်းသို့ ကြွရောက်တော်မူ၍ အခြားဆရာတော် ၄-ပါး, အယ်ဒီတာ ၁-ဦးနှင့်အတူ ပါဠိတော်များကို သုတ်သင်တော်မူခဲ့လေသည်။

၎င်းပြင် ၁၃၁၈-ခုနှစ် နတ်တော်လပြည့်ကျော် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်နေ့အထိ အဋ္ဌကထာကျမ်းစာအုပ်ပေါင်း ၅၁-အုပ်ကို သန္နိပါတ ၄-ကြိမ်ခွဲ၍ သင်္ဂီတိကာရက သံဃာတော် ၃၀ဝ-ကျော်တို့ သင်္ဂါယနာ တင်တော်မူခဲ့ကြ သည်၊ ထိုစဉ်က ဆရာတော်ဘုရားကြီးသည် အဋ္ဌကထာသင်္ဂါယနာ စိစစ်ရေးပုဂ္ဂိုလ် “အဋ္ဌကထာသင်္ဂီတိ ဝိစာရဏ”အဖြစ် တာဝန်အပြင် ယင်းအဋ္ဌကထာကျမ်းများ နောက်ဆုံးသုတ်သင်သည့် အဋ္ဌကထာသြသာနသောဓက တာဝန်ကိုလည်း ဆောင်ရွက် တော်မူခဲ့လေသည်။

ထိုအခါ၌ ဆရာတော် အလွန်အလုပ်များနေပါပြီ၊ သို့ဖြစ်၍ ကမ္ဘာအေးပုံနှိပ် တိုက်မှ ၁၆-မျက်နှာ စာဖောင် ၁-ဖောင် ရံခါ ၂-ဖောင်ခန့်ကိုသာ သာသနာ့ရိပ်သာ ဆရာတော်ကြီးထံ ရုံးလုလင်က သွားရောက်ဆက်ကပ်ရလေသည်၊ နောက်တနေ့ တဖန် ဖောင်ကြမ်းများ ယူသွားဆက်ကပ်ပြီး ဆရာတော်ဘုရားကြီး ပြင်ပြီးဖောင်ကို ပြန်ယူခဲ့ပြီး ကမ္ဘာအေးဇမ္ဗူဒီပကျောင်း သြသာနသောဓကအဖွဲ့ဝင် ဆရာတော်များအား ဆက်ကပ်ရ သည်၊ ဇမ္ဗူဒီပသြသာနသောဓက ဆရာတော်များက ဆရာတော်ဘုရားကြီး၏ မှတ်ချက် များကို ကြည့်ရှုမှီးငြမ်းပြုပြီး ပြင်ဆင်တော်မူကြလေသည်။

ဋီကာကျမ်းစာအုပ်ပေါင်း ၂၆-အုပ်ကို သန္နိပါတ ၂-ကြိမ်ခွဲ၍ ရန်ကုန်မြို့ ကမ္ဘာအေး သီရိမင်္ဂလာ ဆဋ္ဌသင်္ဂီတိ မဟာပါသဏလိုဏ်ဂူတော်ကြီး၌ သင်္ဂါယနာတင် တော်မူခဲ့ကြရာ ၁၃၂၂-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၃-ရက်နေ့မှစ၍ ၁၃၂၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၃-ရက်နေ့အထိ ဋီကာ ၁၁-အုပ်ကို သင်္ဂီတိကာရက သံဃာ တော် ၁၅၀-ပါးတို့ ပထမသန္နိပါတ အဖြစ်ဖြင့် သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်၊ တဖန် ၁၃၂၃-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၄-ရက်နေ့မှစ၍ တပို့တွဲလဆန်း ၁၂ ရက်နေ့အထိ ဋီကာကျမ်းပေါင်း ၁၅-အုပ်ကို သင်္ဂီတိကာရက ၁၅၀-ကျော်တို့ ဒုတိယ သန္နိပါတအဖြစ် သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်၊ ထိုစဉ်က ဆရာတော်ဘုရားကြီး သည် ဋီကာသင်္ဂါယနာ ပထမသန္နိပါတအဖွင့်နေ့တွင် အဖြေပုဂ္ဂိုလ်အဖြစ် ဆောင်ရွက် တော်မူခဲ့လေသည်၊ ထိုစဉ်ကလည်း ဋီကာကျမ်းခက်တချို့ကို သြသာနသောဓကဖြစ်၍ သုတ်သင်တော်မူခဲ့လေသည်၊ ထိုစဉ်ကလည်း စာဖောင်များ ဆရာတော်ထံ ဆက်ကပ် စေ၍ ဆရာတော်၏အဆုံးအဖြတ်ကို ယူကြရလေသည်။

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီးတွင် သင်္ဂါယနာကိစ္စအဝ၀ကို စီမံရန် ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်သံဃာ့အဖွဲ့ကို နိုင်ငံတော်အစိုးရက ၁၃၁၅-ခုနှစ်ကပင် ကြိုတင်ဖွဲ့စည်းခဲ့လေသည်။ ယင်း ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်သံဃာ့အဖွဲ့တွင် ညောင်ရမ်းဆရာတော်ဘုရားကြီး အရှင်ရေဝတမဟာထေရ်က ဥက္ကဋ္ဌဖြစ်၍ ဆရာတော် အရှင်နာဂဝံသာဘိဝံသ, အရှင်ဝိသုဒ္ဓါဘိဝံသတို့က အကျိုးတော်ဆောင် ဆရာတော်များ ဖြစ်ကြသည်၊ မဟာစည်ဆရာတော်ဘုရားကြီးစသည့် ဆရာတော် ၂၀-ခန့်တို့သည် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

မဟာစည်ဆရာတော်ဘုရားကြီးသည် ယင်းဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်သံဃာ့ အဖွဲ့တွင် အရေးပါလှသော ဆရာတော်ဖြစ်၍ သင်္ဂါယနာဆိုင်ရာ စာပေကိစ္စအဝ၀, နိုင်ငံခြားများသကြွို့ကရောက်၍ သာသနာရေးကိစ္စအဝ၀ ဆောင်ရွက်ဖွယ်တို့ကို ပြုလုပ် ဆောင်ရွက်တော်မူခဲ့လေသည်။ ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃၁၂-ခုနှစ်က စ၍ လုပ်ငန်းစတင်ခဲ့သော တိပိဋက ပါဠိ, မြန်မာအဘိဓာန် ကျမ်းကြီး ပြုစုရေးကိစ္စတွင် အဘိဓာန်စနစ် ရေးဆွဲရေးအဖွဲ့ဝင်အဖြစ်လည်း ပါဝင် ဆောင်ရွက်တော်မူခဲ့လေသည်။

၎င်းပြင် အဘိဓာန်ကျမ်းပြုအဖွဲ့မှ ရေးပြီးစာမူများကို သုဓ်သင်တည်းဖြတ်သည့် အဘိဓာန် ပဋိဝိသောဓက အဖွဲ့ဝင်အဖြစ်လည်း အဘိဓာန်စာမူကို သုဓ်သင် တည်းဖြတ် ပြင်ဆင် တာဝန်ယူ ဆောင်ရွက်တော်မူခဲ့လေသည်။

ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး ဆင်ယင်ကျင်းပစဉ်က ပိဋကသုံးပုံ ပါဠိတော်များကို ပါဠိမတတ်သော မြန်မာပြည်ဖွားတိုင်းရင်းသားတို့ လွယ်ကူစွာ ကြည့်ရှုနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယင်းပိဋကတ် ပါဠိတော်များကို မြန်မာပြန်ဆိုရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က စီစဉ်ခဲ့လေသည်၊ သို့ဖြစ်၍ နိုင်ငံတော်သမ္မတသည် ပိဋကတ်တော် မြန်မာပြန် စီစဉ်ရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့လေသည်၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ယင်းပိဋကတ်တော် မြန်မာပြန်စီစဉ်ရေးကော်မတီ အဖွဲ့တွင် နာယကအဖြစ်ဖြင့် ပါဝင်ဆောင်ရွက်တော်မူခဲ့လေသည်။ ဆရာတော်သည် များစွာသော စာပေအဖွဲ့အစည်းတို့၌ ပါဝင်ကာ စာပေကိစ္စအဝ၀ကိုလည်း ရှေ့တန်းမှ ဆောင်ရွက်တော်မူခဲ့လေသည်။