မြတ်စွာဘုရားရှင်၏ နောက်ဆုံးသြဝါဒ “အပ္ပမာဒေန သမ္ပာဒေထ” ကို အဋ္ဌအထာစိစစ်ခဏ်း၌ မဟာစည်ဆရာတော်ကြီးဖွင့်ပြဟောကြားတော်မူခြင်း။

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

အဋ္ဌကထာကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်ကြီး၏ မဟာပဒါနသုတ် အဋ္ဌကထာတွင် “အပ္ပမာဒေန သမ္ပာဒေထ – သီလ, သမာဓိ, ပညာနှင့် ဆိုင်တဲ့ ကိစ္စအလုံးစုံကို အရဟတ္တဖိုလ်အထိ ပြီးစီးအောင် မမေ့တဲ့သတိဖြင့် အားထုတ်ကြရမယ်” ဟု မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးမိန့်မှာတော်မူခဲ့သော သြဝါဒ၏အဖွင့်ကို ဆဋ္ဌသင်္ဂါယနာသဘင် မဟာဝဂ္ဂအဋ္ဌကထာ စိစစ်ခဏ်းတွင် မဟာစည်ဆရာတော်ကြီးစိစစ်အပ်သည်မှ ဖော်ပြ၍ ပူဇော်အပ်ပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ နောက်ဆုံးသြဝါဒစကားအနေနဲ့ “ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ” လို့ ဒီလိုမိန့်မှာတော်မူသွားပါတယ်။ အဲဒီစကားထဲက “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ နောက်ဆုံးစကားနှစ်ပုဒ်ကို အဋ္ဌအထာက “သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာ ဒေယျာထ” လို့ဖွင့်ပြထားပါတယ်။ သတိအဝိပ္ပဝါသေန-သတိမကင်းသဖြင့်။ သဗ္ဗကိစ္စာနိအလုံးစုံသောကိစ္စတို့ကို။ သမ္ပာဒေယျာထ-ပြီးစေကြကုန်လော့တဲ့။ ပြီးတော့ သဗ္ဗကိစ္စာနိ လို့ ဆိုရာမှာ အလုံးစုံသောကိစ္စတွေဆိုတာက အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင် ပြုသင့်ပြုထိုက်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ အကျဉ်းချုပ်အားဖြင့်ဆိုလျှင်တော့ သီလနှင့်စပ်ဆိုင်တဲ့ကိစ္စ, သမာဓိနှင့် စပ်ဆိုင်တဲ့ကိစ္စ, ပညာနှင့်စပ်ဆိုင်တဲ့ကိစ္စ, ဒီကိစ္စသုံးမျိုးပဲဖြစ်ပါတယ်။ ဒီကိစ္စတွေကလည်း သုံးမျိုးဆိုပေမယ်လို့ အရဟတ္တဖိုလ်တိုင်အောင် အားထုတ်ရမည့်ကိစ္စတွေဖြစ်နေတဲ့အတွက် အလွန်လည်း ကြီးကျယ်ပါတယ်။ အလွန်လည်း များပြားပါတယ်။ ဒီလိုကြီးကျယ်များပြားလှတဲ့ ကိစ္စအလုံးစုံကို ပြီးစီးအောင် အားထုတ်ကြရမယ်လို့ မြတ်စွာဘုရားက မှာသွားတော်မူပါတယ်။

လောကမှာ ကိစ္စတခုခုကိုပြီးစီးအောင် ဆောင်ရွက်ရမယ်ဆိုလျှင် အကူအညီဆိုတာလိုပါတယ်။ ဥပမာ၊ သစ်ပင်ကိုဖြတ်လှဲရမယ်ဆိုလျှင် ဓား, လွှ, ပုဆိန်ဆိုတဲ့ လက်နက်ကြိယာအကူအညီမျိုးနဲ့ ဖြတ်လှဲရပါတယ်။ ဒီလို လက်နက်အကူအညီမရှိလျှင် မဖြတ်မလှဲနိုင်ပါဘူး။ ယခုဒီမှာ အရဟတ္တဖိုလ်တိုင်အောင် ကိစ္စတွေဟာ အလွန်ပင် ကြီးကျယ်များပြားပါတယ်။ ဒီလိုကိစ္စတွေကိုပြီးစေဖို့ရာ အကူအညီလက်နက်ကောင်း လိုအပ်ပါတယ်။ အဲဒီလက်နက်ကောင်းကို မြတ်စွာဘုရားက “အပ္ပမာဒေန”လို့ ညွှန်ပြတော်မူခဲ့ပါတယ်။ အဲဒါကို အဋ္ဌကထာက အဝိပ္ပဝါသေနလို့ ဖွင့်ပြပါတယ်။ သတိမကင်းသဖြင့် ပြီးစေကြရမယ်။ အရာရာမှာ မမေ့တဲ့သတိတရားတည်းဟူသော လက်နက်ကောင်းဖြင့် ပြီးစီးအောင် အားထုတ်ကြရမယ်။ သီလဆိုင်ရာ မှာလည်း မမေ့တဲ့သတိဖြင့် ပြီးစီးအောင်အားထုတ်ကြရမယ်။ သမာဓိဆိုင်ရာမှာလည်း မမေ့တဲ့သတိဖြင့် ပြီးစီးအောင်အားထုတ်ကြရမယ်။ ပညာဆိုင်ရာမှာလည်း မမေ့တဲ့သတိဖြင့် ပြီးစီးအောင် အားထုတ်ကြ ရမယ်။ သီလ, သမာဓိ, ပညာနှင့်ဆိုင်တဲ့ ကိစ္စအလုံးစုံကို အရဟတ္တဖိုလ်အထိ ပြီးစီးအောင် မမေ့တဲ့သတိဖြင့်အားထုတ်ကြရမယ်လို့ မိန့်မှာတဲ့စကားဖြစ်ကြောင်းကို သိနားလည်နိုင်ကြစေရန် အဋ္ဌကထာမှာ “သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေယျာထ” လို့ ဖွင့်ပြသွားပါတယ်။

ပြီးတော့ မြတ်စွာဘုရား ၄၅-ဝါပတ်လုံးဟောထားတဲ့ တရားတော်သြဝါဒတွေကို အပ္ပမာဒဆိုတဲ့တစ်ပိုဒ်ထဲ မှာပဲ သွင်းပြီးတော့ သြဝါဒပေးသွားတဲ့အကြောင်းကိုလည်း ဒီလိုဆက်ပြီးတော့ ပြဆိုပြန်ပါတယ်။ “ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပရိနိဗ္ဗာနမေဉ္စ၊ ပရိနိဗ္ဗာန်စံတော်မူရာ ညောင်စောင်းတော်၌။ နိပန္နော၊ လျောင်းတော်မူလျက်။ ပဉ္စစတ္တာလီသဝဿာနိ၊ လေးဆယ့်ငါးနှစ်တို့ပတ်လုံး။ ဒိန္နံ၊ ပေးခဲ့သော။ သဗ္ဗံ။ အလုံးစုံသော။ သြဝါဒံ၊ ပိဋကသုံးပုံတည်းဟူသော အဆုံးအမသြဝါဒတော်ကို။ ဧကသ္မိံအပ္ပမာဒပဒေယေဝ၊ တစ်ခုသော အပ္ပမာဒပုဒ်၌ပင်လျှင်။ ပက္ခိပိတာ၊ ထည့်သွင်း၍။ အဒါသိ၊ ပေးတော်မူလေပြီ” လို့ ပြဆိုပါတယ်။ ဒီစကားဖြင့် အပ္ပမာဒဆိုတဲ့ စကားတလုံးဟာ ပိဋကသုံးပုံနှင့် လိုရင်းအနက်အဓိပ္ပါယ်အားဖြင့် တူညီတယ်လို့ သိရပါတယ်။ ဒါကြောင့် နေရာတကာမှာ အပ္ပမာဒဆိုတဲ့ မမေ့မှုသတိတရားနှင့်ကျင့်သွားလျှင် ပိဋကသုံးပုံမှာ အကျယ်ဟောထားတဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးခြင်းကိစ္စ ပြီးစေနိုင်တယ်လို့လည်း မှတ်သားရ ပါတယ်။