မြတ်စွာဘုရား၏ နောက်ဆုံးမိန့်ခွန်းတော်ကို မဟာစည်ဆရာတော်ကြီး အဋ္ဌကထာသံဂါယနာ၌ စိစစ်လျှောက်ထားခြင်း။

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

နောက်တခု စိစစ်လျှောက်ထားစရာကတော့ မြတ်စွာဘုရား၏ နောက်ဆုံးမိန့်ခွန်းတော် ဖြစ်ပါတယ်၊ စာမျက်နှာနံပါတ် (၁၈၃) မှာ ရှိပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမည်ရှိတဲ့ အခါကာလကျတော့ မှာထားစရာရှိတာ အရေးကြီးတာတွေကို မြတ်စွာဘုရားက မှာတော်မူခဲ့ပါတယ်။ သိယာ ခေါ ပနာနန္ဒ တုမှာကံ ဧဝမဿ “အတီတသတ္ထုကံ ပါဝစနံ၊ နတ္ထိိနောသတ္ထာ” တိ။

ချစ်သား အာနန္ဒာ ... သင်တို့မှာ ဤသို့သော ထင်မြင်ချက်ရှိချင်လဲရှိမယ်၊ ဘယ်လိုလဲဆိုလျှင် မြတ်စွာဘုရား၏ တရားတော် စကားတော်ဟာ ဆရာဖြစ်တဲ့ မြတ်စွာဘုရား ကွယ်လွန်သွားလို့ ပိုင်ရှင်မရှိတော့ဘူး၊ (ပိုင်ရှင်မရှိတဲ့ မင်း၏အမိန့်လို အာဏာသက် မရှိတော့ဘူး ဟုဆိုလိုသည်။) ငါတို့မှာ သြဝါဒခံစရာ ဆရာဖြစ်တဲ့မြတ်စွာဘုရား မရှိတော့ဘူး၊ (အမိမဲ့ အဘမဲ့ကဲ့သို့ ဖြစ်နေကြပြီဟု ဆိုလိုသည်) ဒီလို သင်တို့ထင်ချင်လဲ ထင်မှတ်ကြပါလိမ့်မယ်တဲ့။

န ခေါ ပနေဘံ အာနန္ဒ ဧဝံ ဒဋ္ဌဗ္ဗံ။ အဲဒါဟာ ဒီအတိုင်းမမှတ်သင့်ပါဘူးတဲ့။ ယော ခေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော။ သော ခေါ မမစ္စယေန သတ္ထာ-လို့ ဒီလိုမြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပါတယ်။ အဲဒီမှာ ဒေသိတောနှင့် ပညတ္တောကို ရှေ့နားက ဓမ္မောစ ဝိနယောစဆိုတဲ့ နှစ်ပုဒ်နှင့် တပုဒ်စီ အသီးသီး အစဉ်အတိုင်း စပ်ရမှာလားလို့ ဒီလိုမေးစရာ ရှိပါတယ်၊ အဲဒါကို အဋ္ဌကထာက ဒီလို ဖွင့်ထားပါတယ်။

ဓမ္မောပိ ဒေသိတော စေဝ ပညတ္တောစ၊ ဝိနယောပိ ဒေသိတော ဝေပညတ္တေစတဲ့။ ဓမ္မလဲ ဒေသိတပညတ္တ ဖြစ်တာပါပဲ၊ ဝိနယလဲ ဒေသိတပညတ္တ ဖြစ်တာပါပဲတဲ့၊ ဒီလို ဖွင့်ထားပါတယ်။ ချစ်သားအာနန္ဒာ ... ငါဘုရားသည် သင်တို့အား ဓမ္မမည်သော သုတ်အဘိဓမ္မာတရားကို၎င်း ဝိနယမည်သော ဝိနည်းကို၎င်း ဟောလည်းဟောအပ်ပြီ၊ ပညတ်လည်း ပညတ်အပ်ပြီ၊ ထိုဓမ္မဝိနယသည် ငါဘုရားကွယ်လွန်သော အခါကာလ၌ သင်တို့၏ဆရာပင်တည်း၊ အဲဒီ ဓမ္မဝိနယတွေဟာ သင်တို့ရဲ့ကိုးကွယ်ရာ အားထားရာဖြစ်တဲ့ သြဝါဒခံစရာ ဆရာပါပဲတဲ့၊ အဲဒီလို မိန့်မှာပြီးထားခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုရန် ...

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

တရားကို ပညတ်တယ်ဆိုတာ အဲဒီမှာ အဋ္ဌကထာက ပညတ္တော စ နာမ ဌပိတော ပဋ္ဌပိတော လို့ ထပ်ပြီး ဖွင့်ပြပြန်ပါတယ်၊ ဒေသိတော- ဟောတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်၊ တရားကို ပညတ်တယ်ဆိုတဲ့ နေရာမှာ သိက္ခာပုဒ်ကို ပညတ်တာမျိုးလားလို့ ထင်မှတ်စရာ ရှိပြီးတော့နေတဲ့အတွက် ပညတ္တော စနာမ ဌပိတော ပဋ္ဌပိတော-လို့ ထပ်ပြီးဖွင့်ပါတယ်၊ ပညတ္တဆိုတာဟာ ဒီနေရာမှာ ဒေသနာလဲ ထားအပ်တာပါပဲ၊ ဝိနည်းလဲထားအပ်ထာပါပဲတဲ့။ ထားဆိုတာကလဲ ပဋ္ဌပိတော ဖြစ်ပေါ်စေအပ်တာပါတဲ့။ သောဓမ္မဝိနယော၊ ထိုဓမ္မဝိနယသည်။ မမစ္စယေန၊ ငါဘုရားကွယ်လွန်သော အခါကာလ၌။ တုမှာကံ၊ သင်ချစ်သားတို့၏။ သတ္ထာ၊ ဆရာပေတည်း။ အတိုချုပ် ဆိုလိုရင်း အဲဒီမှာ မြတ်စွာဘုရားဆိုလိုပုံတွေကို အဋ္ဌကထာဆရာက အကျယ်ကြီး ပြထားပါတယ်၊ လွယ်လွယ်နဲ့နားလည်အောင် ဒီမှာအတိုချုံးပြီးတော့ ပြောပါမယ်။ မြတ်စွာဘုရား သက်တော်ထင်ရှား တည်ရှိပြီးနေစဉ်ကာလတုန်းက အကြောင်းများ ပေါ်ပေါက်လာသည့် အခါတိုင်း “ဒီအပြစ်ကတော့ ပေါ့တဲ့အပြစ်ပဲ၊ ဒီအပြစ်ကတော့ လေးတဲ့အပြစ်ပဲ၊ ဒီအပြစ်ကတော့ လောကဝဇ္ဇ- သူ့အလိုလိုကို အပြစ်ရှိနေတဲ့အမှုပဲ၊ ဒီအပြစ်ကတော့ လောကမှာ သူ့အလိုလိုတော့ အပြစ်မရှိဘူး။ မြတ်စွာဘုရားက မပြုနှင့် မပြုထိုက်ဘူးလို့ ပညတ်ထားတဲ့အတွက် ထိုပညတ်ကို လွန်ကျူးခြင်းကြောင့် အပြစ်ရှိတဲ့ ပဏ္ဏတ္တိဝဇ္ဇ-ပဲ” စသည်ဖြင့်ဝိနည်းပိဋကတစ်ခုလုံးကို မြတ်စွာဘုရား ကိုယ်တိုင် ပညတ်တော်မူခဲ့ပါတယ်၊ အဲဒီ ဝိနည်းပိဋကတခုလုံးဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူတဲ့ အခါကာလမှာ သင်ချစ်သားတို့၏ ဆရာကိစ္စကို ပြီးစေလိမ့်မည်၊ သီလနှင့်စပ်ပြီးတော့စင်ကြယ်အောင် သီလဝိသုဒ္ဓိဖြစ်အောင် ဒီဝိနည်းပိဋကစကားတော်တွေက သွန်သင်ဆုံးမရစ်ပေလိမ့်မည်လို့ အဲသလို ဆိုလိုပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိပြီးတော့ နေစဉ်ကာလတုန်းက အခါအားလျော်စွာ “ဤတရားတော်သည်ကား သတိပဋ္ဌာန်လေးပါးဖြစ်သည်, ဤတရားတော်သည်ကား သမ္မပ္ပဓာန်လေးပါး ဖြစ်သသည်ç ဤတရားတော်သည်ကား ဣဒ္ဓိပါဒ်လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင်ခုနှစ်ပါး, အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ဖြစ်သည်” စသည်ဖြင့် ထိုထိုများပြားလှစွာသော အခြင်းအရာတို့ဖြင့် တရားတွေကို ဝေဘန်ပြီးတော့ သုတ္တန်ပိဋကကို မြတ်စွာဘုရားကိုယ်တိုင် ဟောတော်မူခဲ့ပါတယ်။

ထိုသုတ္တန်ပိဋကတခုလုံးဟာ မြတ်စွာဘုရားပရိနိဗ္ဗာန် စံလွန်တော်မူတဲ့ အခါကာလမှာ သင်ချစ်သားတို့၏ ဆရာကိစ္စကို ပြီးစေပါလိမ့်မယ်၊ သီလ သမာဓိ ပညာကိုကျင့်ဘို့ရာ ကိစ္စတွေကျလို့ရှိလျှင် ဒီသုတ္တန်ပိဋက စကားတော်တွေက ဖော်ပြပြီးတော့ သွန်သင်ဆုံးမသွားပါလိမ့်မယ်လို့ ဆိုလိုပါတယ်။

ပြီးတော့ မြတ်စွာဘုရားသခင်ဟာ သက်တော်ထင်ရှားရှိပြီးတော့ နေစဉ်အခါက ဤသည်တို့ကား ခန္ဓာငါးပါးဖြစ်သည်။ ဤသည်တို့ကား အာယတန တဆယ့်နှစ်ပါးဖြစ်သည်၊ ဤသည်တို့ကား ဓာတ်တဆယ့်ရှစ်ပါးç သစ္စာလေးပါးဖြစ်သည် စသည်ဖြင့် ပရမတ္ထတရားတွေကို ခွဲခြမ်းဝေဘန်ပြီးသကာလ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပါတယ်။

အဲဒါက နှစ်ဆယ့်လေးပါးသော အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးဖြင့် တန်ဆာဆင်ပြီး ဟောထားတဲ့ အဘိဓမ္မပိဋကဒေသနာတော်ကြီးဖြစ်ပါတယ်၊ အဲဒီအလုံးစုံသော အဘိဓမ္မပိဋကဒေသနာတော်ဟာလဲ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတဲ့ နောက်ကာလမှာ သင်ချစ်သားတို့၏ ဆရာကိစ္စကို ပြီးစေလိမ့်မယ်လို့ ဆိုလိုပါတယ်။

ဘုရားအရာ တည်ရစ်လိမ့်မည် အဲဒီလိုအသေးစိတ်အားဖြင့် အကျယ်ပြဆိုပြီးတော့ အကျဉ်းချုပ်အားဖြင့် ဒီလို ပြပြန်ပါတယ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှစပြီးတော့ ပရိနိဗ္ဗာန် စံလွန်တော်မူသည်အထိ ၄၅-နှစ်ကာလပတ်လုံး မြတ်စွာဘုရားဟောထားတဲ့ ဒီတရားအလုံးစုံဟာ ပိဋကအားဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးဖြာ၊ အင်္ဂါအားဖြင့် ကိုးတန်၊ ဓမ္မက္ခန္ဓာ တရားအစုအဘို့အားဖြင့် ရှစ်သောင်းလေးထောင်၊ ဒီလို ဒေသနာအမျိုးအစားအားဖြင့် များပြားလှစွာ ရှိနေပါတယ်။

အဲဒီ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကတော့ တည်တံ့ပြီးနေရစ်မယ်၊ မြတ်စွာဘုရား တပါးတည်းသာ ပရိနိဗ္ဗာန်ဝင်စံမြန်းသွားတော်မူမှာ ဖြစ်တယ်၊ ဒါကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံသွားသော်လဲ အဲဒီတရားဒေသနာတော်တွေကတော့ သင်ချစ်သားတို့အား သွန်သင်ဆုံးမမည့် ဆရာဘုရားအရာမှာ တည်ပြီးတော့ အဆုံးအမသြဝါဒ ပေးရစ်ပါလိမ့်မယ်လို့ ဆိုလိုတဲ့အကြောင်း ဒီမှာ ဖော်ပြသွားပါတယ်။

ဒီဒေသနာပါဠိနှင့် အဋ္ဌကထာအရဆိုလို့ရှိလျှင် မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကို သက်တော်ထင်ရှား မြတ်စွာဘုရားကဲ့သို့ပဲ အလေးပြုပြီးတော့ သီလဆိုင်ရာအကျင့်တွေ သမာဓိဆိုင်ရာအကျင့်တွေ၊ ပညာဆိုင်ရာအကျင့်တွေကို ဒေသနာတော်က ညွှန်ပြထားတဲ့အတိုင်း တပည့်တော်တို့ ရိုရိုသေသေ ကျင့်သွားကြဘို့ရှိပါတယ်၊ ဒီလို ပြည့်ပြည့်စုံစုံကျင့်သွားကြမယ်ဆိုလျှင် ရသင့်ရထိုက်တဲ့ တရားထူးတွေကိုလဲ ရဘို့ရှိပါတယ်၊ ငါတို့မှာ သက်တော်ထင်ရှား မြတ်စွာဘုရားကို မတွေ့လိုက် မဖူးလိုက်ရဘူးလို့ အောက်မေ့ပြီး စိတ်အားငယ်နေစရာ မရှိပါဘူး၊ ဓမ္မက္ခန္ဓာ ရှစ်သောင်း လေးထောင်ဟာ ငါတို့ရဲ့ အားကိုးမှီခိုရာ ဘုရားပေါင်း ရှစ်သောင်းလေးထောင်ပဲလို့ နှလုံးသွင်းပြီး စိတ်အားတက်စရာ ကောင်းလှပါတယ်ဘုရား။

အက္ခရာတလုံး ဘုရားတဆူကိစ္စ ဒီအဋ္ဌကထာအဖွင့်ကို နည်းမှီးပြီးတော့ အချို့ပေစာထုပ်တွေအဆုံးမှာ “အက္ခရ မေကေကဉ္စ ဗုဒ္ဓရူပံ- အက္ခရာတစ်လုံးတစ်လုံးဟာ ဘုရားတဆူတဆူ ဖြစ်တယ်” စသည်ဖြင့် ရေးသားထားတာကိုလဲ တွေ့ရပါတယ်၊ အဲဒါကတော့ ပိဋကတ်တော်မှာ လာတဲ့စကား မဟုတ်ပါဘူး၊ ဒီ ပါဠိအဋ္ဌကထာက နည်းယူပြီးတော့ စာရေးကူးသူ နောက်ပုဂ္ဂိုလ်တဦးဦးက ရေးသားထားဟန် တူပါတယ်။